မြစ်သား ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း မူလရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်း မူလရန်ပုံငွေကျပ် ၆၂ ဒသမ ၀၄ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျောက်ဆောက်ကျေးရွာအုပ်စု ကျောက်ဆောက်ကျေးရွာ၊ ခန္တောကျေးရွာအုပ်စု ရဲကုန်းကျေးရွာနှင့် မှိုင်းဟင်ကျေးရွာအုပ်စု မှိုင်းဟင်ကျေးရွာတို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Royal Mya ကုမ္ပဏီမှ တာဝန်ယူ၍ နိုဝင်ဘာ ၁၀ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ခြေ(၄၂၈)အိမ်၊ လူဦးရေ (၁၈၈၂)ဦးရှိသည့် ကျောက်ဆောက်ကျေးရွာတွင် အကျယ် ၄ လက်မ အနက်ပေ ၆၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်ရေစင်တည်ဆောက်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် အိမ်ခြေ(၁၁၃)အိမ်၊ လူဦးရေ(၄၉၉)ဦးရှိသည့် ရဲကုန်းကျေးရွာနှင့် အိမ်ခြေ(၁၁၉)အိမ်၊ လူဦးရေ(၄၈၇)ဦးရှိသည့် မှိုင်းဟင်ကျေးရွာတို့တွင်လည်း ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျောက်ဆောက်ကျေးရွာ၊ ရဲကုန်းကျေးရွာနှင့် မှိုင်းဟင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)


