မြစ်သားမြို့၏ အထင်ကရ တန်ဆောင်တိုင်ပွဲတော်ကြီးအား စည်ကားစွာကျင်းပ

မြစ်သား  ၁၁ နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ရွှေမုဌောစေတီတော်မြတ်ကြီး၏(၈၂)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်ကြီးကို  နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

နိုဝင်ဘာ  ၉  ရက်နေ့တွင်  ရွှေမုဌောစေတီတော်မြတ်ကြီးအား  ဆွမ်းတော်ပွဲများ   ပို့ဆောင်လှူဒါန်းခြင်း၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် မြစ်သားမြို့ဝင် ဆိုင်းဘုတ်မှစ၍ ရွှေမုဌောဘုရားကွင်းသို့  မြို့နယ်အတွင်းရှိ  ရပ်ကွက်၊  ကျေးရွာ၊ ဌာနဆိုင်ရာနှင့် မိသားစုများက ပြုလုပ်ထားသော ပဒေသာပင်ပေါင်း (၇၅)ခုအား ရှေ့ဆုံးမှမြတ်စွာ ဘုရားအား ပင့်ဆောင်၍ နောက်မှအလှည့်ကျစီတန်းကာ၊ ရပ်ကွက်ကျေးရွာအလိုက် ရိုးရာယိမ်းအက၊ ရိုးရာ ဆင်အကနှင့် ဦးရွှေရိုးနှင့်ဒေါ်မိုး၊ နိုင်ငံကျော်တေးသံရှင်များပါဝင်သော  ခေတ်ပေါ်တီးဝိုင်းများနှင့် အကအလှ များ၊ ဒိုးပတ်အိုးစည်စသည့် ဖျော်ဖြေယာဉ်ကြီးများဖြင့် လှည့်လည်ပို့ဆောင်ရာ အနယ်နယ်အရပ်ရပ်မှ  လာရောက်လည်ပတ်ကြသော  ဘုရားဖူးပရိသတ်များဖြင့့်် တိုး၍မပေါက်အောင် စည်ကားလှသည်။

 

ဆက်လတ်၍  နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပင့်သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မဟာဒုတ်မဲနှိုက်၍  မဲပေါက်သူတို့က  မြသပိတ်တော်၊ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ တို့အား ပင့်ဆောင် ပူဇော်ခြင်း ပဒေသာပင်များအား စာရေးတံမဲချ၍ မဲပေါက်သော ကျောင်းများသို့အရောက် ပျော်ရွှင်စွာ  ပို့ဆောင် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ညပိုင်းတွင် ရွှေမုဌောစေတီတော်မြတ်ကြီးအား  ဆီမီးတစ်ထောင်ဖြင့်  ဆက်ကပ် လှူဒါန်းပူဇော်ကြမည်ဖြစ်သည်။ 

 

ပွဲတော်ကာလအတွင်း  ဗလာဇာတ်ပွဲ၊ ရုံဇာတ်ပွဲ၊ ခေတ်ပေါ်တေးဂီတဝိုင်းများနှင့် ပျော်ပွဲရွှင်ပွဲပေါင်းများစွာတို့ဖြင့် နေ့ရောညပါစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

မြမြမွန်(မြစ်သား)