မြစ်သာမြစ်ကူး မြစ်သာတံတား(ဂန့်ဂေါ) ဖွင့်ပွဲကျင်းပ

ဂန့်ဂေါ  ၅  ဇန်နဝါရီ 

 

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူး မြစ်သာတံတား (ဂန့်ဂေါ) ဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီက မြစ်သာတံတား (ဂန့်ဂေါ) ဂန့်ဂေါဘက်ထိပ်၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သယံဇာတ သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ တံတားအင်ဂျင်နီယာချုပ် ဦးသိန်းအောင်၊ ရပ်မိရပ်ဖ ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းကြ၍ တံတားကို ကြည့်ရှုစစ်ဆေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် သယံဇာတ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းဝန်ကြီး ဦးမြင့်ဇော်တို့က အမှာစကားပြောကြားကြပြီး တံတားအထူးအဖွဲ့ (၃) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇင်ထွေးက တံတားနှင့်ပတ်သက်၍ ရှင်းလင်းသည်။ 

 

ဖွင့်ပွဲသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

တံတားကို တံတားခန်းဖွင့် ၁၀၀ ပေ(၃၀ မီတာ) × ၈ ခန်းဖြင့် တံတားအရှည် ၈၀၀ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျင် ၃ ပေ၊ Plate Girter သံကူကွန်ကရစ် ကြမ်းခင်း၊ လက်ရန်းပါ ဆောက်လုပ်၍ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့ (၃) က ဆောက်လုပ်ခြင်းဖြစ်ကာ စီမံကိန်း တန်ဘိုး ရန်ပုံငွေရရှိမှု (တံတား ကျပ် ၂၂၆၃ + ၂၈၀ သန်း၊ လမ်း ကျပ် ၅၀၀ သန်း) တို့ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြစ်သာမြစ်ကူးတံတား (ဂန့်ဂေါ) ကို ဆောက်လုပ်ထားသဖြင့် ဂန့်ဂေါမြို့နှင့် အနောက်ဂန့်ဂေါ ကျေးရွာ သာမက အနီးပတ်ဝန်းကျင်ရှိ ရှုံးရှီ၊ အုပ်လှ၊ တောင်ပြင်၊ မကျည်းခင်၊ ဇီးပြား ကျေးရွာတို့နှင့် ဆက်သွယ်သွားလာမှု လွယ်ကူသွားသည့်အပြင် ချင်းပြည်နယ်သွား ဂန့်ဂေါ- အိုက်ကာ ကားလမ်းနှင့်ပါ ချိတ်ဆက်နိုင်သည့်အတွက် ဆက်သွယ်သွားလာမှု လွယ်ကူသွားကာ ခရီးသည်နှင့် ကုန်စည်သွားလာ ကူးသန်းမှု အဆင်ပြေသွားကြောင်း ဂန့်ဂေါ ခရိုင်ပြန်/ဆက်မှ သိရသည်။ 

 

MDN