မြစ်ကြီးနားတက္ကသိုလ်၌ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြစ်ကြီးနား ၂၅ သြဂုတ်


ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို သြဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ရှမ်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်နယ်ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဆုံးမသြဝါဒစကားများပြောကြားကာ တက်ရောက်လာသည့် ရှမ်းမျိုးနွယ်စုများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုယ်စား ဦးစိုင်းရီကျန်၊ မြစ်ကြီးနားတက္ကသိုလ် ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆရာမကြီး ဒေါက်တာခင်သက်ကြွယ်တို့မှ အသီးသီးဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် ပထမနှစ်ကျောင်းသား ကျောင်းသူများကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးနှင့် မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်မှ မြစ်ကြီးနားတက္ကသိုလ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား အလှူငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ပညာသင်နှစ်ကာလအတွင်း စာပေ၊ အားကစားနှင့် အခြားထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စု(၅)စုမှ မျိုးနွယ်စုအလိုက် တိုင်းရင်းသားရိုးရာ အကများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)