မြစ်ကြီးနား၌ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ ကြက်မွေးမြူရေးခြံမီးလောင်

မြစ်ကြီးနား ဧပြီ ၁၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧပြီ ၁၁ ရက် နံနက်ပိုင်းက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ ကြက်မွေးမြူရေးခြံတစ်ခြံ မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက်၊ နံနက် ၆ နာရီ ၅၅ မိနစ်တွင် မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၄)နေ ဦးစိုင်းထွန်းအေး (၅၂နှစ်)၏ ကြက်မွေးမြူရေးခြံ၌ ကြက်သားပေါက်များအား လျှပ်စစ်မီးဖြင့်အပူပေးရာမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး အလျား ၁၄ ပေ၊ အနံ ၁၂ ပေရှိ ကြက်မွေးမြူရေးခြံတစ်ခြံ မီးလောင်ကျွမ်းခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ နှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၇ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးစိုင်းထွန်းအေးအား မြစ်ကြီးနားမြို့၊ အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)