မြစ်ကြီးနားမြို့တွင် MMA ကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အင်ဆန်အောင်လ၏ ကြေးရုပ်ထုဖွင့်ပွဲ ကျင်းပ

Mixed Martial Arts MMA Middle Weight and Light Heavyweight ကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အင်ဆန်အောင်လ၏ ကြေးရုပ်ထုဖွင့်ပွဲနှင့် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယနေ့ ကချင်တိုင်းရင်းသား အင်ဆန်အောင်လက မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ အားကစားသမား ဖြစ်လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ လူငယ်တွေအနေနဲ့လည်း အောင်လကို အတုယူပြီး အောင်လကဲ့သို့ နိုင်ငံဂုဏ်ဆောင် အားကစားသမားဖြစ်လာစေရန် ကြိုးပမ်းအားထုတ်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကြေးရုပ်ထုပြုလုပ် ဂုဏ်ပြုခြင်းနှင့် ပတ်သက်၍ ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒူဝါထုံဖူးဒဂုဏ်က ရှင်းလင်းပြောကြားပြီး မြန်မာ့ဂုဏ်ဆောင် MMA ကမ္ဘာ့ချန်ပီယံ အင်ဆန်အောင်လအား ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူများက ဂုဏ်ပြုရွှေတံဆိပ်နှင့် အောင်လ၏ မိခင်၊ ဖခင်နှင့် ဇနီးနှင့်သားတို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြရာ အင်ဆန်အောင်လက ဒီကလူငယ်တွေအားလုံး တစ်နေ့ကျရင် ကမ္ဘာ့ချန်ပီယံဖြစ်လာနိုင်တယ်လို့ အားပေးတိုက်တွန်းစကား ပြောကြားကာ ကိုယ်ခံပညာကို သရုပ်ပြကစားပြခဲ့သည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများက ကရာတေးထူးချွန်ဆုရ ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ခရစ်ယာန်ဓမ္မဆရာတော်များနှင့် ဘုန်းတော်ကြီးများက ဆုတောင်းပေးခြင်း၊ ဂုဏ်တော်သီချင်းများ သီဆိုခြင်းနှင့် အင်ဆန်အောင်လအတွက် ဂုဏ်ပြုတေးသီချင်းများ သီဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းနောက် အင်ဆန်အောင်လ၏ ကြေးရုပ်ထုကို ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ရိုးရာနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒူဝါထုံဖူးဒဂုဏ်နှင့် ကချင်လူမျိုးများ အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလထော် ခွန်ဆိုင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။