မြစ်ကြီးနားမြို့၌ မီးဖိုမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် လူနေအိမ်တစ်လုံးမီးလောင်

မြစ်ကြီးနား ၂၉ ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း-အင်ဂျန်ဒုံမြောက်၊ အမှတ် ၅၆ တွင် ဖေဖော်ဝါရီ ၂၉ ရက် နံနက်  ၆ နာရီခွဲတွင် မီးဖိုမီးမှ တစ်ဆင့် အနီးရှိနံရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးဆောင်၍ သန္ဓေ (၄၀)၊ အရန် (၁၀)ဦး တို့ဖြင့် မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ကြရာ နံနက်(၆)နာရီ(၄၈)မိနစ်တွင် မီးငြိှမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် အိမ်ရှင်ဦးလရှီးဘရန်ဒီး ပိုင်ဆိုင်သော ပေ(၃၀) × ပေ(၂၀) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ်တစ်လုံးနှင့် နေအိမ်အတွင်းရှိ မော်တော်ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ရှင်အား မြစ်ကြီးနားမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)