မြစ်ကြီးနား သူနာပြု သင်တန်းကျောင်းမှ သင်တန်းသား/သူများအား ဆဋ္ဌမအကြိမ်  သူနာပြု-သားဖွားဒီပလိုမာအပ်နှင်း

မြစ်ကြီးနား     ၃၁       အောက်တိုဘာ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကြီးမှူး ကျင်းပ စစ်ဆေးခဲ့သော နိုင်ငံတော်အဆင့်သူနာပြု-သားဖွားဒီပလိုမာလက်မှတ်ရစာမေးပွဲကို မြစ်ကြီးနား သင်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသော သင်တန်းသား/သူများအား ဆဋ္ဌမအကြိမ် ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သူနာပြု သင်တန်းကျောင်း၌ ကျင်းပသည်။

 

ဒီပလိုမာ အပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုသင်တန်းပြီးဆုံးတတ် မြောက်အောင်မြင်ပြီဖြစ်၍ နေရာဒေသအသီးသီးတွင် နိုင်ငံတာဝန် ထမ်းဆောင်ကြရမှာ ဖြစ်သည့်အတွက် တာဝန်ကျရာဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ဂရုဏာတရားတို့ဖြင့် တတ်စွမ်းသမျှ သူနာပြုစုမှုပေးရန် တိုက်တွန်း မှာကြားရာ ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းခံရသော သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြောကြားသည်။

 

ထို့နောက် သူနာပြုသင်တန်းကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက သင်တန်းသား/သူများအား ဆုံးမဩဝါဒ စကားပြောကြားပြီး ဒီပလိုအောင်လက်မှတ်ယူမည့် သင်တန်းသား/သူများက ကတိသစ္စာပြုခြင်းနှင့် သူနာပြု သစ္စာအဓိဌာန်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ကြပြီး သူနာပြု ကျောင်းအုပ်ကြီး ဒေါ်ဇမိထခေါင် ဆားရ်က သူနာပြု-သားဖွားဒီပလိုအောင်လက်မှတ်ကို အပ်နှင်းပေးသည်။

 

ယနေ့ အခမ်းအနားတွင် သင်တန်းသား သင်တန်းသူ (၅၅)ဦးတို့အား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်း ပေးခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားသူနာပြုကျောင်းအနေဖြင့် ကျောင်းစတင် ဖွင့်လှစ်ခဲ့သည့် ၁၉၉၃ ခုနှစ်စ၍ ယနေ့အထိ သူနာပြုဒီပလိုမာရရှိသူ ၁၃၀၈ ဦးကို လေ့ကျင့် မွေးထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်