မြစ်ကြီးနား၊ မြဝတီနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ၂၄ အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ လမ်းဆုံအနီးတွင် မဆိုင်းခေါန် မောင်းနှင်၍ မခမ်းအုံးနှင့် မအားနန်တို့လိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီခွဲတွင် မဆိုင်းခေါန်နေထိုင်သည့် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အိမ်အမှတ်(၆၈၁)ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံလမ်းသွယ် (၄)လမ်းနေ ဇေယျာကျော်(ခ)စိန်ကုလား၊ ၎င်းနှင့်အတူ ဉာဏ်လင်း(ခ)ကိုလင်းနှင့် ဖြိုးဝေအောင် (ခ) ကိုဖြိုးတို့ကိုတွေ့ရှိရပြီး နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၂၉ပြား ကိုလည်းကောင်း။

အလားတူ ထိုနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်၊ ဦးရွှေဇံအောင်လမ်း၊ အမှတ်(၅၀၂-ခ)နေ မသီသီဇော်၏ နေအိမ်အားဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၂၊ အိုက်စ် သုည ဒသမ ၂၄ ကီလိုနှင့် မြန်မာငွေကျပ် ၁,၀၀၀,၀၀၀ တို့ကိုလည်းကောင်း၊ သိမ်းဆည်းရမိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်း၊ အမှတ်(၉၆၂)နေ စောအောင်နိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သက်နောင်နှင့် ကံဌေး တို့ကိုတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၁၈၀၊ မြန်မာငွေကျပ် ၁,၀၀၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား