မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာစီမံကိန်းမှန်သမျှကို Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အတိုး ပြား ၅၀ နှုန်းဖြင့်သာ လျော့ပေါ့ကောက်ခံသွားမည်

မန္တလေး ၂၈ ဧပြီ

 

မန္တလေးတိုင်းဒေသကြီးအတွင်း မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာစီမံကိန်းမှန်သမျှကို Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ငွေကျပ် ၁၀၀ ကျပ်အတွက် အတိုးနှုန်းအား တစ်လလျှင် ပြား ၅၀ နှုန်းဖြင့်သာ လျော့ပေါ့ကောက်ခံသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။

 

အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာစီမံကိန်းမှန်သမျှအား ယခင်က ချေးငွေအတိုးနှုန်းကို ပြား ၅၀ နှုန်းမှ တစ်ကျပ်ခွဲနှုန်း အတိုးဖြင့် သတ်မှတ်ကောက်ခံခဲ့သော်လည်း လက်ရှိ Covid-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ချေးငွေဖြင့်လည်ပတ်နေသည့် ကျေးရွာမှန်သမျှကို ယခုဧပြီလမှစ၍ ချေးငွေအတိုးနှုန်းများအား ပြား ၅၀ နှုန်းဖြင့်သာ လျော့ပေါ့ကောက်ခံပြီး တစ်ပြေးညီ လည်ပတ်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

“မြစိမ်းရောင်ကျေးရွာစီမံကိန်းက ချေးငွေတွေကို အရင်က အတိုး ပြား ၅၀ ကနေ တစ်ကျပ်ခွဲအထိ သတ်မှတ်ပေးထားပါတယ်။ ဒီစီမံကိန်းတွေကို တစ်ကျပ်အတိုးနဲ့ လည်ပတ်တဲ့ အဖွဲ့တွေရှိသလို တစ်ကျပ်ခွဲအတိုးနှုန်းနဲ့ လည်ပတ်တဲ့အဖွဲ့တွေလည်း ရှိတယ်။ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ တချို့တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရပ်နားထားရပြီး ဝင်ငွေရရှိမယ့် အခွင့်အလမ်းကလည်း နည်းပါးနေတယ်။ ဝင်ငွေလျော့နည်းချိန်မှာ ထွက်ငွေဘက်ကလည်း တစ်ဖက်တစ်လမ်းက သက်သာသွားစေဖို့ ကူညီထောက်ပံ့ပေးတဲ့ သဘောနဲ့ မြစိမ်းရောင် ချေးငွေနဲ့ဆောင်ရွက်နေကြတဲ့ ကျေးရွာစီမံကိန်းအားလုံးကို ပြား ၅၀ အတိုးနဲ့သာ တစ်ပြေးညီ လည်ပတ်ဆောင်ရွက်နိုင်ဖို့ အတိုးနှုန်းကို လျော့ပေါ့သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ အခုသတ်မှတ်တဲ့ အတိုးနှုန်းကို တစ်နှစ်တိတိ လျော့ပေါ့ပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ ကျေးရွာဒေသခံပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အဓိကထားပြီး ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးပေးကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ် ၂၀ မြို့နယ်ရှိ ကျေးရွာပေါင်း ၆၂ ရွာ၊ ယူနစ်ပေါင်း ၅၀ တို့အတွက် အရင်းမပျောက်မတည်ငွေ ကျပ်သန်းပေါင်း ၁၅၀၀ ကို ထုတ်ချေးပေးထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ကာ စီမံကိန်းမှ ကျေးရွာတစ်ရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း ၃၀ မတည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)