မြစိမ်းရောင် ကျေးရွာကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းမှုဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ငဖဲမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၃)ရွာမှ ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းမှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
 
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က မြစိမ်းရောင် စီမံကိန်းချေးငွေဖြင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စီမံကိန်းနှင့် သက်ဆိုင်သော စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း တက်ရောက်ခြင်းဖြင့် ချေးငွေနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အတိုးနှုန်းများ၊ ချေးငွေ အတိုး /အရင်း ပေးသွင်းရမည့်ကာလနှင့် ရက်လွန်ဒဏ်ကြေး သတ်မှတ်ခြင်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် သင်ကြားပို့ချပေးမည့် စီမံကိန်းလုပ်ငန်းများကို ဂရုတစိုက် လေ့လာသင်ယူသွားကြ ရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းများအဖွဲ့က စီမံကိန်းချေးငွေနှင့် စပ်လျဉ်းသည့် ငွေစာ ရင်းဇယား ဖြည့်သွင်းရမည့် နည်းစနစ်များနှင့် ချေးငွေအတိုးနှုန်း တွက်ချက်မှုနည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့ ကြသည်။ 
အဆိုပါ သင်တန်းသို့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အသစ်တိုးချဲ့ ဆောင်ရွက်မည့် ငဖဲမြို့နယ် ရှောက်ဝကျေးရွာ ၊ စာတတ်ကူကျေးရွာနှင့် ပန်းတိမ်းကျေးရွာတို့မှ စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် (၂၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပေးမည်ကြောင်း သိရပြီး ၊ အဆိုပါ ကျေးရွာများရှိ ကျေးလက်နေပြည်သူများ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေးအတွက် ကျေးရွာတစ်ရွာချင်းစီအလိုက် မြစိမ်းရောင် အရင်းမပျောက်လည်ပတ် မတည်ရန်ပုံငွေ သိန်း(၃၀၀)အား ဆက်လက် ကွင်းဆင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရသည်။ 
 
 ရဲဝင်းနိုင် (ညောင်ဦး)