မဲလ်ဘုန်းမြို့ကို အသွားအလာ ရှည်ကြာစွာ ကန့်သတ်ပြီးနောက် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ နည်းပါးလာ

၃၁ ဩဂုတ်

 

 

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေတာ နှစ်လ အတွင်းမှာ ဒီနေ့မှာတော့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် အနည်းဆုံးနေ့ ဖြစ်ပါတယ်။

 

 

ဇူလိုင်လကုန်ပိုင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၇၀၀ ကျော် ရှိခဲ့ရာကနေ ဒီနေ့(တနင်္လာနေ့) မှာတော့ ၇၃ ဦးသာ ရှိတော့ကြောင်း သိရပါတယ်။ အခု အခြေအနေဟာ မဲလ်ဘုန်းမြို့ကို အသွားအလာ ကန့်သတ်မှုကနေ လွတ်မြောက်အောင် လုပ်နိုင်မယ့် အခြေအနေ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။ ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်း အတွင်းမှာ လူပေါင်း ၄၁ ဦး သေဆုံးရာ အများစုဟာ ဘိုးဘွားရိပ်သာတွေကလို့ ဆိုပါတယ်။

 

 

မဲလ်ဘုန်းမြို့ခံတွေဟာ လက်ရှိအချိန်မှာ ညမထွက်ရ အမိန့်နဲ့အတူ အရေးမကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားခြင်း အပါအဝင် တင်းကျပ်တဲ့ အမိန့်တွေအောက်မှာ နေထိုင်နေ ရပါတယ်။ ဒီအမိန့်ဟာ စက်တင်ဘာ ၁၃ ရက်နေ့အထိ သက်ရောက်မယ်လို့ သိရပါတယ်။

 

 

ဒါပေမယ့် သွားအလာ ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးစ်က လာမယ့် တနင်္ဂနွေနေ့မှာ ပိတ်ဆို့မှု ရုပ်သိမ်းနိုင်တယ် ဆိုပေမယ့် စည်းမျဉ်းတွေကို တဖြည်းဖြည်းချင်းသာ လျော့သွားမယ်လို့ သတိပေးပြောကြားပါတယ်။

 

 

လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်း လိုက်နာရမှာ ဖြစ်သလို ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တယ်လို့ ယူဆရတဲ့ လုပ်ငန်းခွင်များမှာ ကာကွယ်ရေးဝတ်စုံ လိုအပ်ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

ဗစ်တိုးရီးယားပြည်နယ် အနေနဲ့လည်း အသွားအလာ ကန့်သတ်မှု ရုပ်သိမ်းလိုက်ပေမယ့် တခြားပြည်နယ်တွေကို သွားလာခွင့် မရှိနိုင်ဘူးလို့လည်း သိရပါတယ်။

 

 

ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၆,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၆၅၂ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn