မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေး ကို မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၉

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ယူဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုး ရေး နှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. WEI Zhenglin က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက် သည်။

အစည်းအဝေးသို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအတွင်း လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံနိုင်ငံများအတွင်း အစိမ်းရောင်စိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ပါဝင်ဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ ဝင်နိုင်ငံများအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း များ၏ အောင်မြင် တိုးတက်မှုအခြေအနေများ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို နိုင်ငံအလိုက် ရှင်းလင်းတင်ပြကြပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ချောမွေ့စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Bumper Harvest Projects နှင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအတွင်း ငါးနှင့်ရေနေသတ္တဝါ ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း နိုင်‌ရေးအတွက် တင်ပြဆွေးနွေးမှုအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)