မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်များ လစ်လပ်မှုအား ကွင်းဆင်းစိစစ်ဆောင်ရွက်

လွယ်ဂျယ် ၂၉ ဇူလိုင်               

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းများ ကြေညာထားရာ မဲစာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၌ လစ်လပ်မှုများ ဖြစ်နေသည့် နေရာများတွင် ကွင်းဆင်းစိစစ် ဖြည့်ဆည်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ကောင်နန်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး၌    ပြုလုပ်ကြောင်း သိရသည်။

 

လုပ်ငန်းများဆောင်ရွက်ပေးရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန လွယ်ဂျယ်မြို့ ရှေ့တန်းစခန်းရုံးမှ ဝန်ထမ်းများနှင့် နော်ဝေးနိုင်ငံ အခြေစိုက်(NRC)အဖွဲ့မှ ဗန်းမော်မြို့ တာဝန်ခံ ဒေါ်ဆိုင်းနူးပန်နှင့်အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်များ လစ်လပ်မှု နှင့် မဲစာရင်းအမည် ပါဝင်သူများအား  ခေါ်ယူစိစစ်ဆောင်ရွက်ခဲ့ကြကာ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခြင်းမရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကောင်နန်ရပ်ကွက်  မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လစ်လပ်သူ ကျား(၂၁)၊ မ(၂၇)၊ ပေါင်း(၄၈)ဦး ရှိသည့်အနက်       နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခဲ့ခြင်းမရှိသူ ကျား(၆)၊ မ(၄) ပေါင်း(၁၀)ဦး၊ ခရီးလွန်သူ ကျား(၁၃)၊ မ(၁၉) ပေါင်း(၃၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီး ပြန်လည်စိစစ် ဖြည့်သွင်းနိုင်သူ ကျား(၂)၊ မ(၄) ပေါင်း(၆)ဦး ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လွယ်ဂျယ်မြို့ ရှေ့တန်းစခန်းရုံးမှ သိရသည်။

 

(လွယ်ဂျယ် ပြန်/ဆက်)