မာရဝိဇယဗုဒ္ဓဥယျာဉ်တော် (သို့မဟုတ်) စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာဥယျာဉ်တော်

သိမ့်သိမ့်မိုး (မြန်မာ့အလင်း)

ကောင်းကင်ယံထက်မှ တိမ်စိုင်တိမ်လိပ်များကြားဝယ် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် စံပယ်တော်မူနေသည့်အလား တည်ရှိနေသော သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားအဝေးမှ ဖူးမြင်ရသည်နှင့်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်က စိတ်ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ငြိမ်းချမ်းမှုကို စတင်ပေးစွမ်းခဲ့လေပြီ။

မာရဝိဇယဗုဒ္ဓဥယျာဉ် အဝင်မုခ်ဦးမှစ၍ လမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင်ပန်းမန်များ အစီအရီစိုက်ပျိုးထားရာ မုခ်ဦးကတည်းကပင် မိမိ၏စိတ်သန္တာန်က အေးချမ်းမှုကို စတင်ခံစားရသည်။ ဘုရားကြီး တည်ထားပူဇော်ရာရင်ပြင်တော်ပေါ်သို့ သွားရာလမ်းတစ်လျှောက်တွင်လည်း စကျင်ကျောက်ပြားများ ခင်းကျင်းထားသည့်အတွက် စကျင်ကျောက်၏ အေးမြမှုကိုလည်း ခံစားရပါသည်။ ထို့အပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်နှင့်ရေပန်းဝိုင်းငယ် များဖြင့်လည်း တင့်တယ်လျက်ရှိလှပါသည်။

စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်း

ဘုရားရင်ပြင်တော်တွင် ဘုရာဖူးလာ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များကလည်း ဘုရားရင်ပြင်တော်ပေါ်တွင် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်နေကြသည်မှာ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည့် မြင်ကွင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တံခွန်တိုင်နှင့်သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကို ဘုရားဖူးများ စိတ်ဝင်စားစွာ လေ့လာကြည်ညိုနေကြသည်ကို မြင်တွေ့ရသည်။

ဘုရားရင်ပြင်ပေါ်သို့တက်သည့် လှေကားမှာ မမြင့်လှသော်လည်း မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ လွယ်ကူအဆင်ပြေစွာ တက်ရောက်နိုင်ရန် စက်လှေကားထည့် သွင်းတည်ဆောက်ထားသည့် အစီအစဉ်မှာလည်း လွန်စွာကောင်းမွန်လှသည်ကို တွေ့ရသည်။ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဗောဓိညောင်ပင်၊ လင်းလွန်းပင်၊ ကျည်းပင်၊ လုမ္ဗိနီအင်ကြင်းပင် အစ ရှိသည့် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသည့် သစ်ပင်မျိုးများအပါအဝင် ကံ့ကော်ပင်နှင့် ပန်းပင်များစွာ စိုက်ပျိုးထားသည်ကို တွေ့မြင်ရသည်။

သပ္ပာယ်စွာလေ့လာဖူးတွေ့

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာ ရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ဟောကြားခဲ့သော တရားတော် များဖြစ်သည့် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာရုံစေတီ ၇၂၀ တွင် ကျောက်စာချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာရုံစေတီတွင် ကျောက်စာလေးချပ် စုစုပေါင်းကျောက်စာချပ် ၁၄၄၄ ချပ်ကို သပ္ပာယ်စွာလေ့လာဖူးတွေ့ရသည်။

အဆိုပါကျောက်စာချပ်များမှာ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံကျမ်းစာမြတ်များကိုပါ တစ်ပါတည်း ဖူးမြော်နိုင်ရေးနှင့်နောင်နှစ်ပေါင်းများစွာတိုင် မှတ်တမ်းများ ကျန်ရှိစေရေးရည်ရွယ်ပြီး တည်ထားခြင်းဖြစ်ကြောင်း သိရပါ သည်။

ဘုရားရင်ပြင်တော်နှင့် ရေပန်းရင်ပြင်ကြားတွင် ဆောက်လုပ်ထားသည့် မန္တလေးနန်းမြို့အဝင် မင်္ဂလာတံတားပုံစံတူ တံတားကိုလည်း ရတနာပုံခေတ်ဟန်အတိုင်း လက်ရာမြောက်စွာ တည်ဆောက် ထားသည်ကို တွေ့ရသည်။ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားစွာ ကျင်းပနိုင်သည့် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သော အလျား၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ‌ ဗိသုကာလက်ရာမြောက်လှသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကို ခမ်းနားထည်ဝါစွာ တွေ့မြင်ရမည်ဖြစ်ပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ ဝင်ရောက်လေ့လာကြသည်ကိုလည်း ကြည်နူးစွာတွေ့မြင်ရသည်။

မျက်စိတစ်ဆုံးလေ့လာနိုင်

အဆိုပါသိမ်တော်ကြီးကို လေ့လာပြီးလျှင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့ချီးမကုန်နိုင်ဖွယ်ရာ အနုလက်ရာမြောက်လှသည့် မြန်မာမှုလက်ရာများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်ပုံဖော်ထားသည့် မြန်မာ့ယဉ်ကျေးမှုများကို ပြည့်ပြည့်စုံစုံ မျက်စိတစ်ဆုံးလေ့လာနိုင်ပါသည်။

ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာ အဆိုများနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားသည့် မုစလိန္ဒနဂါးရုံဘုရားနှင့် မုစလိန္ဒအိုင်တို့တွင်လည်း ဘုရားဖူးလာပြည်သူများ ဖူးမြော်လေ့လာလျက်ရှိသည်ကို မြင်တွေ့ရသည်။ ဘုရားဖူးလာပြည်သူများ မျက်စိပသာဒဖြစ်စေမည့် စိမ်းလန်းစိုပြည်လှသည့် မြက်ခင်းများနှင့်ပန်းပင်များလည်း လှပသပ်ရပ်စွာ စိုက်ပျိုးထားသည်။

ထို့အပြင် နေပူပြင်းသည့်အချိန်တွင် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များအသုံးပြု၍ ဇာတ်နိပါတ်တော်များကို အနုသုခုမလက်ရာမြောက်စွာဖြင့် ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် အနုလက်ရာများ မတူညီသည့်အဆောင် ၂၄ ဆောင် တည်ဆောက်ထားသည်။

ဘုရားဖူးလာပြည်သူများ နားနေရန်အတွက် ဗုဒ္ဓဥယျာဉ်တော်အတွင်း သုဓမ္မာဇရပ်များ တည်ဆောက်ထားသော်လည်း ဂန္ဓကုဋိတိုက်များတွင် ဘုရားဖူးလာသူတချို့က အစားအသောက်များ စုဝေးစားသောက်ခြင်းများ ပြုလုပ်နေကြသည်။ ဘုရားဖူးလာသူများ ဂန္ဓကုဋိတိုက်အတွင်း လွတ်လပ်စွာ ဖူးမြော်လေ့လာနိုင်ရန် ထိုကဲ့သို့စုဝေးစားသောက်ခြင်းများ ပြုလုပ်ခြင်းသည် သင့်လျော်မှုမရှိသည့်အတွက် တားမြစ်ရမည့် ကိစ္စရပ်တစ်ခုဟု ထင်မိပါသည်။

လိုက်နာစောင့်ထိန်း

ဘုရားဖူးလာပြည်သူများအနေဖြင့် ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း လေ့လာဖူးမြော်မှုများပြုလုပ်ရာတွင် မိမိတို့တွင် ပါရှိလာသည့် အမှိုက်များကို အလွယ်တကူ စွန့်ပစ်ခြင်းများ မပြုလုပ်မိစေရန်နှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုးထားသည့် ပန်းမန်များကိုလည်း ခူးယူခြင်းမပြုလုပ်ကြရန် အထူးသတိထားကြရပါမည်။ သို့မှသာ ဗုဒ္ဓဥယျာဉ်တော်အတွင်း အများပြည်သူ စိတ်ချမ်းမြေ့မှုရှိစေရန် ဆောင်ရွက်ထားမှုများကို အားလုံးကိုယ်စီ လိုက်နာစောင့်ထိန်းကုသိုလ်ပြုခြင်းဖြင့် ဗုဒ္ဓဥယျာဉ်တော်ကြီး ထာဝစဉ်သန့်ရှင်းသာယာ နေမည်ဖြစ်ပါသည်။

ခိုင်မာစွာထွန်းလင်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီးသည် ထေရဝါဒဗုဒ္ဓသာသနာ တည်ရှိ နေသရွေ့၊ မြန်မာနိုင်ငံ တည်ရှိနေသရွေ့ တည်ရှိနေမည်ဖြစ်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားသည့် ရည်ရွယ်ချက်ကောင်းများဖြစ်သည့် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များအတိုင်း အောင်မြင်ထမြောက်အောင် စာရေးသူအပါအဝင် ပြည်သူပြည်သားများက ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။