မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လိုက်ရတဲ့အတွက် ဘဝမှာ ပြီးပြည့်စုံမှုရှိသွားသလို ခံစားလိုက်ရပါတယ် (ဦးဌေးဝင်း၊ ဆူးလေစေတီတော် ဂေါပကအဖွဲ့ဝင်)

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများမှ  ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ လာရောက်ဖူးမြာ်ကြသည်။

 

အဆိုပါ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရားစေတီများနှင့် သာသနိကအဆောက်အဦများကို လှည့်လည်ဖူးမြော်ကြည်ညိုလေ့လာကြပြီး  ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မျက်မြင်ဖူးမြော် တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများဖြင့်  တည်ဆောက်ထားသည့် သာသနိကအဆောက်အဦ များအား   လေ့လာခွင့်ရရှိမှု   ရင်တွင်းခံစားချက်များကို မေးမြန်းရေးသား တင်ပြလိုက်ရပါသည်။

 

ဦးမြင့်ချို (ဂေါပကအဖွဲ့ဝင်၊

တွံတေးရွှေဆံတော်စေတီတော်မြတ်ကြီး)

မာရဝိဇယ  ရုပ်ပွားတော်မြတ်ကြီးကို နိုင်ငံတော်အကြီးအကဲများရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် များအလိုက် ဘုရားဂေါပက အဖွဲ့တွေကိုစုပြီး လာရောက်ဖူးမြော်စေခြင်းလည်း ဖြစ်ပါတယ်။ အရင်ကတော့  ရုပ်ပွားတော်မြတ်ကြီးကို သတင်းစာနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေပဲ ဖူးမြော်ခဲ့ရ တာပါ။  အခုမျက်မြင်ကိုယ်တွေ့ ဖူးမြော်ရတဲ့အပေါ်မှာ   ပြောမပြ တတ်အောင် ရင်ထဲဝမ်းသာကြည်နူး မိပါတယ်။     အဆောက်အဦတွေ ဆိုတာလည်း  ကြီးကျယ်ခမ်းနား လွန်းလှပါတယ်။ ကိုယ့်မြန်မာနိုင်ငံ အတွက်လည်း ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ နောက်ပြီး  ဗုဒ္ဓဥယျာဉ် တော်အတွင်း  တည်ဆောက်ထား တဲ့  ဗိသုကာလက်ရာဟန်ပန်တွေ ကို   အတုယူပြီး    ကိုယ့်မြို့မှာရှိတဲ့ ဘုရားတွေကို     ပြန်လည်ပြုပြင် မွမ်းမံမှုဆောင်ရွက်ရာမှာ အသုံးပြုဖို့  လေ့လာခွင့်လည်း  ရခဲ့ပါတယ်။ ဒါကြောင့် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးကို  အနယ်နယ်အရပ်ရပ်က          ဓမ္မမိတ်ဆွေတွေအနေနဲ့ လာရောက်ဖူးမြော်ကြဖို့  ဖိတ်ခေါ် လိုပါတယ်။

 

ဦးတင်ရွှေ (ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊

ဆုတောင်းပြည့်နန္ဒဝန်စေတီတော်၊ တာမွေမြို့နယ်)

အခုလို  ဂေါပကအဖွဲ့ဝင်တွေ စုစည်းပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို  လာရောက်ဖူးမြော်ရတဲ့ အတွက်  အင်မတန်မှ ဝမ်းသာမိပါတယ်။  အရင်ကတော့ဘုရားကြီးကို ဖူးမြော်ဖို့ကြိုးစားခဲ့ပေမယ့်     အကြောင်းအမျိုးမျိုးကြောင့် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိ သူတွေက အဆင်ပြေ ချောမွေ့စွာဖူးမြော်နိုင်ဖို့ စီစဉ်ပေးတဲ့အတွက်လည်း ဂေါပကအဖွဲ့ဝင်တွေ ကိုယ်စားအထူးပဲကျေးဇူးတင် ရှိပါတယ်။ ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်း ဝင်လိုက်ရင်ပဲ စိတ်ထဲမှာအလိုလိုအေးချမ်းပြီး ကြည်နူးမှုကို    စတင်ခံစားခဲ့ရပါတယ်။      ရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်ဖူးတွေ့လိုက်ရတဲ့ အချိန်မှာ စိတ်ထဲမှာ မပြောပြတက်အောင် ဝမ်းသာမှုနဲ့အံ့ဩမှုကို တစ်ချိန်တည်း ခံစားသိရှိခဲ့ရပြန်ပါ တယ်။   နောက်ပြီး   အခြားစေတီ တွေနဲ့      အဆောက်အဦတွေရဲ့ တည်ဆောက်ထားမှု  လက်ရာများ ဟာလည်း  ဗိသုကာအဆင့်အတန်း မြင့်မားလွန်းလှပါတယ်။ ကျွန်တော့်အတွက်ကတော့  ဘဝမှာ လူဖြစ် ရကျိုးနပ်တဲ့  အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့   ဗုဒ္ဓဘာသာဝင်များ အနေနဲ့    မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို    မဖြစ်မနေ လာရောက်    ဖူးမြော်ကြစေလိုပါတယ်။

 

 

ဒေါက်တာအေးကို (ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ဥက္ကလာပစေတီတော်၊

တောင်ဥက္ကလာပမြို့နယ်)

သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ ကျွန်တော်တို့  ဂေါပကအဖွဲ့ဝင်တွေအားလုံး     စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးခွင့်ရရှိခဲ့ပါတယ်။ လာရောက်ဖူးမြော်မယ်လို့ အားခဲထားတဲ့ ဒီမာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို မမျှော်လင့်ပဲ အခုလိုဖူးမြော်ခွင့်ရတဲ့အတွက် ရင်ထဲမှာအင်မတန်မှ    ပီတိဖြစ်မိ ပါတယ်။  ပရိဝုဏ်အတွင်းမှာလည်း မမြင်ဖူး၊ မတွေ့ဖူးခဲ့တဲ့ အဆောက်အဦတွေ၊     ဗိသုကာလက်ရာ တွေကို လေ့လာခွင့်လည်း ရရှိပါတယ်။ နောက်ပြီး သာသနာရေးဆိုင်ရာ အထောက်အထားတွေကိုလည်း အများကြီးတွေ့ရှိရတဲ့အတွက်လည်း ဗဟုသုတရရှိသလို ဘာသာသာသနာ ပြန့်ပွားဖို့အတွက်လည်း အထောက်အကူများစွာ ရရှိမှာဖြစ်တဲ့အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးအနေနဲ့ ဒီရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြပါ။ ဒီလို ဖူးမြော်ခြင်းအားဖြင့်      ရင်ထဲမှာစိတ်အေးချမ်း ပျော်ရွှင်မှုကိုခံစားရမှာ ဖြစ်ပါတယ်။

 

ဦးဝင်းမြင့်(ဂေါပကအဖွဲ့ဝင်၊

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊  မရမ်းကုန်းမြို့နယ်)

ရုပ်ပွားတော်မြတ်ကြီး စတင်ဖူးမြော်ခွင့်ပြုတဲ့   အချိန်ကတည်းက လာရောက်ဖူးမြော်ချင်ခဲ့ပေမယ့် မရောက်ဖြစ်ခဲ့ပါဘူး။ အခုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းက ဂေါပကအဖွဲ့တွေကို ပထမအသုတ်အနေနဲ့ ဖူးမြော်ဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့အတွက်  ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံမှာ   အကြီးဆုံးလည်းဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက ကြိတ်ကြိတ်တိုး လာရောက်ဖူးမြော်နေကြတဲ့ ရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အတွက် အင်မတန်မှစိတ်ထဲမှာ ထူးခြားလေး နက်စွာ ဖူးမြော်ကန်တော့ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကမ္ဘာအေးစေတီတော်မှာ လိုအပ်မယ့်  ပြုပြင်မွမ်းမံ မှုတွေအားလုံးကို ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်ထားတဲ့ ဘုရား၊ စေတီ၊   သာသနိက အဆောက်အဦတွေကတစ်ဆင့် လေ့လာဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။    ထူးခြားသပ္ပာယ်လှတဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ ဗုဒ္ဓဘာသာ ဝင်တွေ လာရောက်ဖူးမြော်ကြပါလို့လည်း ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်လိုပါတယ်။

 

ဦးစိန်သန်း(ဂေါပကအဖွဲ့ဝင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊

ဗိုလ်တထောင်မြို့နယ်)

ရင်ထဲမှာ အမြဲတမ်းဖူးမြော်ချင်နေခဲ့တဲ့  မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို အခုလို ဖူးမြော်ကန်တော့ ခွင့်ရတဲ့အတွက် ရင်ထဲမှာ အတော်လေးကျေနပ်ပြီး ကြည်နူးမိပါတယ်။ ဒီလိုဖူးမြော်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘုရားရင်ပြင်တော် ကနေကြည့်ရင်  ကောင်းကင်ပေါ်မှာ တည်ထားတဲ့ဘုရားတစ်ဆူဖြစ်နေတဲ့အတွက် အင်မတန်မှ သပ္ပာယ်လွန်းလှပါတယ်။ ကျွန်တော့် ဘဝတစ်သက်တာမှာ ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ပထမဆုံးဖူးတွေ့ရခြင်းလည်း    ဖြစ်ပါတယ်။ ကျွန်တော်ခံစားမိတဲ့ ထူးခြားမှုအတွေ့အကြုံတွေကို အနယ်နယ်အရပ်ရပ်မှ     ပြည်သူများ လည်း ခံစားစေချင်တဲ့အတွက် မဖြစ်မနေ လာရောက်ဖူးမြော်စေလိုပါတယ်။ ဒီရုပ်ပွားတော်မြတ်ကြီးဟာ      ကမ္ဘာ့အံ့ဖွယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

ဦးဌေးဝင်း (ဂေါပကအဖွဲ့ဝင်၊ ဆူးလေစေတီတော်၊ ကျောက်တံတားမြို့နယ်)

ဒီရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်မယ့် ကျောက်တုံးတော်ကြီးကို စတင်တူးဖော်ပြီး ခက်ခက် ခဲခဲနဲ့ သယ်ဆောင်လာရတာကို ကြားသိကတည်းကအတော်လေးကို စိတ်ဝင်စားနေခဲ့တာပါ။  နောက်ပြီး   တည်ဆောက်ပူဇော်တဲ့နေရာမှာလည်း ကမ္ဘာပေါ်မှာရှိတဲ့ အခြားစေတီတွေနဲ့မတူဘဲ မြင့်မားတဲ့ နည်းပညာတွေနဲ့ ဆောင်ရွက်တဲ့အတွက် ပိုပြီးထူးခြားပါတယ်။ ဘုရားပရိဝုဏ်အတွင်းမှာလည်း မြန်မာမှု ဗိသုကာလက်ရာတွေနဲ့ အင်မတန်မှ ခံ့ညားထည်ဝါလှတာကိုလည်း လေ့လာဖူးမြော်တွေ့မြင်ရပါတယ်။     မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အခါမှာလည်း ကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော့် ဘဝတစ်လျှောက်  ဒီလိုဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ကို မဖူးမြော်ခဲ့ရပါဘူး။ ကျွန်တော်သက်ရှိ ထင်ရှားရှိနေတဲ့အချိန်မှာ   ဖူးမြော်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိသလို ဘဝမှာပြီးပြည့်စုံမှုရှိသွားသလို       ခံစားခဲ့ရပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ၊ ဗုဒ္ဓဘာသာ        နိုင်ငံတွေအားလုံး ဒီရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ရဲသွင်

ဓာတ်ပုံ - ကိုကိုအေး