မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်လက်တွေ့ ဖူးမြော်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာရော၊ စိတ်ထဲမှာပါ အေးချမ်းသွားရပါတယ်။ ပြီးတော့ ဗိသုကာလက်ရာတွေလည်း ပြောမပြတတ်အောင် ပြောင်မြောက်နေတာ တွေ့ရပါတယ်

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၈ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ် သို့ လာရောက်ဖူးမြော်သူများအနက်မှ တချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ရပါသည်။

 

ဦးထွန်းနိုင်(ဆွာမြို့)

ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာမြို့ကပါ။ မိသားစုတွေအပါအဝင် အိမ်နီးချင်း တွေကို ကုသိုလ်ဖြစ်လိုက်ပို့ပေးတာပါ။ ကျွန်တော်တို့ လာဖူးတာ ၂၃ ယောက်ပါ။ ဒီဘုရား ကြီးကို အရင်ဆုံး အွန်လိုင်းပေါ်မှာ ဖူးမြော်ရတယ်။ ဘုရားကြီးက တအားလည်း သပ္ပာယ်တယ်။ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူတွေလည်း အများကြီးလာရောက် ဖူးမြော်ကြတယ်။ ဒီကိုရောက်တော့ ဘုရားကြီးကို ဖူးမြော်လိုက်တဲ့အခါ တကယ်လည်း သပ္ပာယ်ပါ တယ်။ ရင်ထဲလည်း အေးချမ်းသွားပါတယ်။ အဲဒီတော့ ကြည်နူးရတာပေါ့။ ဒီတော့ လိုက်ပို့ပေးရကျိုးလည်း နပ်တယ်ပြောရမယ်။ သူတို့တွေလည်း ပျော်ရွှင်မယ်၊ အေးချမ်း မယ်၊ ကြည်နူးပီတိဖြစ်ကြမယ်လို့ ထင်ပါတယ်။ ဂန္ဓကုဋိတိုက်တွေထဲမှာ ရေးဆွဲထားတဲ့ ဗုဒ္ဓဝင် ဇာတ်တော်တွေနဲ့ပတ်သက်တဲ့ ပန်းချီကားတွေကို ဖတ်ရှုလေ့လာကြည့်ရတာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီလိုလိုက်ဖတ် ကြည့်လိုက်တော့ စိတ်ထဲမှာပီတိဖြစ်တယ်၊ သံဝေဂတွေလည်းရတဲ့ သဘောမျိုး ခံစားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဘုရားရဲ့ အရိပ်အာဝါသကို ခိုလှုံ ခွင့်ရတာနဲ့ စိတ်အေးချမ်းမှုရကြပါ တယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ထုဆစ်ပူဇော် ကိုးကွယ်တည်ဆောက်ပေးကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီလိုတည်ထား ဖို့ဆိုတာ ကျွန်တော်တို့ လို သာမန်လူတွေ လုပ်ဖို့မလွယ်ပါဘူး။ ခုတော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာ ပီတိ ဖြစ်ရပါတယ်။ အခြားနေရာတွေကိုတော့ မရောက်သေးဘူး။ တစ်နေကုန်လေ့လာဖူးမြော်ပြီး ညပိုင်းမှပြန်မှာပါ။

 

ဒေါ်မွန်မွန်မြင့်(နေပြည်တော်)

ကျွန်မကတော့ အထက(၆) နေပြည်တော်က Grade-10 မှာ အင်္ဂလိပ်စာသင်ပြနေတဲ့ ဆရာမပါ။ ဘုရားကြီးက ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်တယ်။ သဘာဝ စကျင်ကျောက်သား စစ်စစ်ကို ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီး ထုဆစ်ထားတယ် ဆိုတာကို ကျောင်းသား ကျောင်းသူ တွေ ဗဟုသုတရရှိအောင်နဲ့ ဖူးမြော်ကြည်ညိုနိုင်အောင် လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ဘုရားကြီး ကို ဖူးမြော်ရတာလည်း ကြည်ညိုစရာကောင်းတယ်။ ဘုရားကြီးက တန်ခိုးလည်းကြီးတယ်။ မျက်နှာတော်ကို ဖူးခွင့်ရတာနဲ့ပဲ ဝမ်းသာပီတိ ကျေနပ်မိပါတယ်။ ပြီးတော့လည်း အသိပညာ၊ ဗဟုသုတတွေ ကြွယ်ဝစေဖို့ ကျောင်းသား ကျောင်းသူတွေကို နောက်ထပ်ပို့ဖို့ အစီအစဉ်ရှိပါသေးတယ်။

 

နော်ဆွိတီဖော(တောင်ငူမြို့)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးက ကြည်ညိုစရာကောင်းပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုတော့ပျော်လည်း ပျော်ရွှင်မိပါတယ်။ ဘုရားကြီးက စကျင်ကျောက်သားနဲ့ ထုဆစ်ပူဇော် ထားတာရယ်၊ ဘုရားကြီး ပရိဝုဏ်တစ်ခုလုံး စကျင်ကျောက်ပြားတွေ ခင်းထားတာတွေက အမြင်သစ်နဲ့ ထူးခြားမှုကိုဖြစ်ပေါ် စေပါတယ်။ ဒီမှာက အေးချမ်းတယ်၊ သာယာတယ်၊ ကြည်နူးစရာအပေါင်းနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့ အချိန်မှာလည်း အလုပ်မှာ ပင်ပန်းနွမ်းနယ်မှု တွေနဲ့ လမ်းခရီးမှာ ပင်ပန်းလာမှုတွေကို ပြေပျောက် သွားတယ်လို့ ခံစားမိပါတယ်။ အခုကတော့ သူငယ်ချင်းတွေနဲ့ လာရောက်ဖူးမြော်တာပါ။ နောက်တစ်ခေါက်ဆိုရင် မိသားစုနဲ့အတူ လာရောက် ဖူးပါဦးမယ်။

 

ဦးကိုကြီး(လားရှိုးမြို့)

ကျွန်တော်ကတော့ လားရှိုးမြို့ ကပါ။ သူများတွေပြောတာရယ်၊ သတင်းစာတွေ ဖတ်ရတာရယ်ကြောင့် ဖူးမြော်ချင်လို့ ဒီကိုသီးသန့် လာရောက် ဖူးမြော်တာပါ။ နေပြည်တော်ကို ပြီးခဲ့တဲ့တစ်ရက် ကျော်လောက် ကတည်းက ရောက်တာပါ။ ရောက်ရောက်ချင်းလာဖူးတော့ ညပိုင်းရောက်နေတာရယ်၊ ဘုရားဖူး ပရိသတ်တွေက ကြိတ်ကြိတ်တိုးဖြစ်နေတာနဲ့ ဒီနေ့ထပ်ပြီး လာရောက်ဖူးမြော်တာပါ။ ဒီမှာတော့ အမျိုးတွေအိမ်မှာပဲ တည်းပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်လက်တွေ့ ဖူးမြော်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာရော၊ စိတ်ထဲမှာပါ အေးချမ်းသွားရပါတယ်။ ပြီးတော့ ဗိသုကာ လက်ရာတွေလည်း ပြောမပြတတ်အောင် ပြောင်မြောက်နေတာ တွေ့ရပါတယ်။ ဒီဘုရားကြီးက ကျွန်တော် တို့နိုင်ငံမှာ အထင်ကရဘုရားကြီး တစ်ဆူဖြစ်သလို မြန်မာနိုင်ငံသာမက ကမ္ဘာမှာတောင် အကြီး ဆုံး ရုပ်ပွားတော်မြတ်ကြီးဆိုတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အားရတယ်၊ ကျေနပ် တယ်၊ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းနဲ့ အားလုံးသော ခုနစ်ရက်သားသမီး အပေါင်း ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

 

 

ဒေါ်ခင်ခင်ချို(မင်္ဂလာဒုံမြို့နယ်)

ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ကပါ။ ဒီဘုရားကြီးက သပ္ပာယ်ပြီး ကြည်ညိုစရာ ကောင်းတာကြောင့် လာရောက် ဖူးမြော်တာပါ။ ဘုရားကြီး စတည်ကတည်းက ဖူးချင်စိတ်ဖြစ်မိတာပါ။ ဖူးချင်နေတာတော့ ကြာနေပြီပြောရမယ်။ အခုမှပဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်နိုင်တော့ တယ်။ ဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့ အချိန်မှာလည်း စိတ်ကိုချမ်းသာနေတာပဲ။ ပြောရမယ်ဆိုရင် ရင်ထဲမှာရှိတဲ့ သောကမီးတွေတောင် ပြေပျောက်သွားတယ်လို့ ထင်ပါတယ်။ ဗုဒ္ဓဝင်ဇာတ်တော်တွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေ ဆိုရင် လေ့လာစရာ၊ မှတ်သားစရာ၊ အတုယူစရာတွေ အများကြီးပါပဲ။ ဘုရားကြီး စတည်ကတည်းက ခုချိန်ထိ ဘုရားကြီးရဲ့သမိုင်းကြောင်း တွေ၊ အဆင့်ဆင့် သယ်ဆောင် လာတာတွေနဲ့ စည်ကားများပြား တာတွေကို ရုပ်မြင်သံကြား၊ သတင်းစာ၊ အွန်လိုင်းပေါ်မှာ ကြည့်ရှု၊ ဖတ်ရှု၊ တွေ့မြင်ရတာနဲ့ပဲ ဝမ်းသာလို့မဆုံး၊ ကြည်နူးလို့မဆုံး ဖြစ်နေရတာပါ။ အခုလို ကိုယ်တိုင် လာရောက်ဖူးမြော်လိုက်ရတော့ ပြောမပြတတ်အောင် ကြည်ညိုသဒ္ဓါစိတ်တွေ ဖြစ်မိပါတယ်။

 

ဒေါ်အမာရီ(မြိတ်မြို့)

ကျွန်မကတော့ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ကပါ။ ဘုရားကြီးကို လာရောက်ဖူးမြော်ရတဲ့အတွက် ဝမ်းသာ ကြည်နူးမိပါတယ်။ ပြီးတော့ လောကကြီးက အေးချမ်းသွားတယ်လို့ ခံစားရပါတယ်။ ကြည်နူးပီတိဖြစ်စရာကတော့ ဘုရားကြီးပရိဝုဏ် အဝင်မုခ်ဦး ရောက်ကတည်းကပါ။ အထဲကို ဝင်လာ လိုက်တော့ စိမ်းစိုလှပနေတဲ့ ရှုခင်းတွေ၊ ပြီးတော့ ဘုရားကြီး၊ မုစလိန္ဒကန်နဲ့ နဂါးရုံစေတီ၊ နောက်တော့ သုဓမ္မာဇရပ်တွေ၊ ကျောက်စာရုံစေတီတွေကို အဝေးကနေ လှမ်းမျှော်ဖူးမြော်လို့ရနေ ကတည်းက စိတ်ကို အင်မတန်မှ ကြည်နူးစေပါတယ်။ အခုတော့ ဘုရားပဲ ဖူးရပါသေးတယ်။

 

မသီသီသင်း(နေပြည်တော်)

ကျွန်မကတော့ အထက(၆) နေပြည်တော် Grade-10 က ကျောင်းသူပါ။ ဘုရားကြီးကို ဖူးမြော်ခွင့် ရဖို့အတွက် လိုက်ပို့ပေးတဲ့ ကျောင်းအုပ်ကြီးနဲ့တကွ ဆရာ ဆရာမအားလုံးကို အထူးပဲ ကျေးဇူးတင်ပါ တယ်။ အများသူငါ ဖူးမြော်နိုင်အောင် ဘုရားကြီးကို ကိုးကွယ် တည်ထားပေးကြတဲ့ ဦးဆောင်ဦးရွက် ဆောင်ရွက်ပေးသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဒီမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အလယ်မှာပါ ကြီးကျယ်ခမ်းနားစွာနဲ့ တွေ့မြင်နိုင်ပါ တယ်။ ပြီးတော့ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးဆွဲပုံဖော်ထားတဲ့ ပန်းချီ ကားချပ်တွေကလည်း ကျွန်မတို့ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်တွေအတွက် မှတ်သား ဖွယ်ရာ အင်မတန်မှ ကောင်းပါ တယ်။ ဆရာ ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ လာရတာဆိုတော့ ပျော်ရွှင်ရတယ်။ မြန်မာနိုင်ငံမှာ ထင်ရှား ကျော်ကြားတဲ့ ဘုရားစေတီပုထိုးတွေ အများကြီးရှိသလို ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကလည်း ဗုဒ္ဓဘာသာဝင်တိုင်း ဖူးမြော်သင့်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း

အလင်းသစ်၊ သန်းတင်အောင်

ဓာတ်ပုံ - နေမျိုး