မန္တလေး၊ ၁၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲနတ်တောင် ရေလှောင်တမံအား တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ရန် ပြုပြင်မှုများ ဆောင်ရွက်ပြီးဖြစ်၍ နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် လာမည့် ဖေဖော်ဝါရီ ပထမပတ်မှစ၍ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောကြားသည်။
အဆိုပါ နွေသီးနှံစိုက်ဧကများအတွက် မာလဲနတ်တောင် ရေလှောင်တမံအတွင်း ရေလှောင်ကန် ပမာဏမှာ ၁၇၀၈၀ ဧကပေ၊ ရေသေပမာဏမှာ ၇၄၁၀ ဧကပေ၊ စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်သော ရေပမာဏ မှာ ၉၆၇၀ ဧကဖြစ်ပြီး၊ ယင်းရေလှောင်ကန် ပမာဏပေါ်မူတည်၍ ယခု ဘဏ္ဍာနှစ်တွင် နွေစပါး ၇၆၅ ဧကနှင့် နွေနှမ်း ဧက ၁၀၀ လျာထားပြီး စိုက်ပျိုးရေးများ ပေးဝေသွားမည်ဖြစ်ကြောင်း ထို့အတူ လာမည့် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးကြမည့် ပျိုးထောင်ရေအတွက်လည်း ချန်ထားပြီးဖြစ်ကြောင်း သိရသည်။
“တောင်သူတွေအတွက် စိုက်ပျိုးရေများပြည့်ဝစွာ ပေးနိုင်အောင် မာလဲနတ်တောင်ကို အဆင်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးပါပြီ။ နောက်ဆို မိုးရွာသွန်းမှုပေါ် မူတည်ပြီးတော့ တောင်သူတွေအတွက် စိုက်ပျိုးရေများကို ပြည့်ဝစွာပေးသွားမှာပါ။ ယခုနွေသီးနှံတွေအတွက်လည်း စိုက်ပျိုးရေ ပေးဝေသွားတော့မှာပါ။ တောင်သူတွေ အနေနဲ့ကလည်း ရေကိုစနစ်တကျနဲ့ ချွေတာသုံးစွဲကြဖို့လိုပါတယ်။ ဒါမှရေတွေ အလေအလွင့်မရှိဘဲနဲ့ တောင်သူတွေ အဆင်ပြေစွာသုံးစွဲနိုင် ကြမှာပါ။ နွေ၊ မိုးရာသီအလိုက် တောင်သူတွေအတွက် စိုက်ပျိုးရေများ ကို ပေးဝေသွားမှာပါ” ဟု ၎င်းကရှင်းပြသည်။
ထိုမာလဲနတ်တောင် ရေလှောင်တမံမှ ရေပေးဝေနိုင်မှုအတွက် စနစ်တကျ အဆင့်မြင့်တင်ပြီးဖြစ်၍ ဆည်ရေသောက် ဧရိယာဧက ၆၅၀၀ အတွက် အပြည့်အဝ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေများကို မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာ၊ လက်ပန်လှ၊ ဝါးရုံးကုန်း၊ ရှောက်ပင်ရိုး၊ ခူလယ်၊ ကုက္ကို၊ စဉ့်ကူး(၂)၊ ငွေတောင်နှင့် မင်း ရွာစသည့်ကျေးရွာများတွင် ယခင်ကထက် ဆည်ရေ အပြည့်အဝရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆည်တော်ကြီးဆည်မှလည်း ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးမည့် နွေသီးနှံများဖြစ်သော နွေစပါး ၆၇၀၅၃ ဧကနှင့် နွေနှမ်း ၂၉၅ ဧကတို့အတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)