လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ၂၅   ဇွန်

 

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။ 

 

အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ယခင်နှစ်မှစ၍ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေးဦးဆောင်အဖွဲ့ကို တင်ပြခဲ့ပြီး စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်း သတ်မှတ်ထုတ်ပြန်ခဲ့ ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်နိမ့်ကျနေသော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် အခြေခံ ဈေးနှုန်းဖြင့် စပါးဝယ်ယူရန်အတွက် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး၊ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျပ် ၁၅ ဘီလီယံမှ ကျပ် ၇ ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး ဝယ်ယူလက်ခံထားသော ဆန်များထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၈၀၀ နှင့် အခြေခံလူတန်းစားများကို ရောင်းချရန်အတွက် ဆန်တန်ချိန် ၈၀၀၀ အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတစ်ဆင့် ရောင်းချပေးခဲ့ပါကြောင်း၊ ယခုနှစ်အတွက် အခြေခံစပါးဈေးနှုန်း သတ်မှတ်ရန် ဝယ်ယူမည့်ပမာဏ၊ လိုအပ်မည့်ငွေ၊ တင်ဒါစနစ်ဖြင့် ဆန်ပြန်လည်လက်ခံရာတွင် ဆန်အရည်အသွေးပိုင်း အနေနှင့်ပတ်သက်ပြီး ဆွေးနွေးပေးစေလိုကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ဖြစ်သင့်သည့်ဈေးနှုန်းကို တင်ပြစေလိုပါကြောင်း၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲမှုအဖွဲ့မှ အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူခဲ့ရာတွင် အခက်အခဲရှိ သော်လည်း စပါးဈေးနှုန်း ၅ သိန်းအောက်မကျသည့်အတွက် အောင်မြင်သည်ဟု သုံးသပ်ရပါကြောင်း၊ ထို့အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ရန်ကိစ္စ၊ ဝယ်ယူမည့်ပမာဏ၊ လိုအပ်သည့် ငွေကြေးပမာဏ၊ တင်ဒါလက်ခံမည့် ဆန်အရည်အသွေး ကိစ္စရပ်များကို ဆွေးနွေးပေးရန် ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီမံဘဏ္ဍာ ဝန်ကြီးများ၊ ဆန်စပါးဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေး လုပ်ငန်းကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)