လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်း

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

ယနေ့အစည်းအဝေးသို့ ကြွရောက်လာကြတဲ့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ၊ ဗဟိုကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်နေကြရပါတယ်။ ဒီတောင်သူ လယ်သမားများရဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ လယ်ယာမြေများအား ၁၉၈၈ ခုနှစ် အာဏာ သိမ်းပြီးနောက် ဥပဒေမဲ့ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်ပြီး စီမံကိန်းများ လုပ်ကိုင်မှု မရှိခြင်း၊ ဆက်လက် ဆောင်ရွက်မှုမရှိခြင်း၊ အောင်မြင်မှု မရှိခြင်းတို့ကြောင့်လည်းကောင်း၊ ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ခြင်းမရှိတဲ့အပြင် လက်ရှိတွင် အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အသုံးပြုမှုမရှိခြင်းကြောင့် လည်းကောင်း၊ လိုအပ်သည်ထက် ပိုမိုသိမ်းဆည်း ထားခြင်းကြောင့် လည်းကောင်း၊ သိမ်းဆည်းစဉ်က ရည်ရွယ်ချက်နှင့်အညီ အသုံးချမှုမရှိခြင်းကြောင့်လည်းကောင်း လယ်ယာကဏ္ဍ ပိုမို ကောင်းမွန်တိုးတက်စေရေး တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့ အတွက် သိမ်းဆည်းခံမြေများအား သိမ်းဆည်းခံတောင်သူ လယ်သမားများသို့ ပြန်လည် ပေးအပ်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီကို နိုင်ငံတော် အစိုးရဖွဲ့စည်းပြီးနောက် ၂၀၁၆ ခုနှစ် မေလကတည်းက ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗဟိုကော်မတီအနေနဲ့လည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းမြေများအပေါ် စိစစ်ဆောင်ရွက် ပေးနိုင်ရန် မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်တွင် တွေ့ကြုံရသော လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကို တရားနည်းလမ်းတကျ ပိုမိုဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ လမ်းညွှန်ချက်များနဲ့အညီ မူဝါဒ၊ လုပ်ငန်းစဉ်များအား ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်အရ မူဝါဒ၊ လုပ်ငန်းစဉ် ၅၂ ချက် ချမှတ်ကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒါပေမဲ့ အစိုးရသစ်ရဲ့ (၂) နှစ်တာ ကာလအတွင်း တိုင်ကြားစာများအား စိစစ် ဆောင်ရွက်မှု အားနည်းနေပြီး ပြန်လည်စွန့်လွှတ်မြေများကိုလည်း မူလပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ရန်မှာ နှောင့်နှေးကြန့်ကြာလျက်ရှိနေတာကို တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရက ပြန်လည်စွန့်လွှတ်ပေးမှုအချို့ ရှိခဲ့သော်လည်း သိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားများမှာ ပေးကားပေး၏ မရ ဖြစ်နေကြပါတယ်။

ဒါ့ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီအဆင့်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေကြတဲ့ ဝန်ကြီးချုပ်များအနေနဲ့ ယခုထက် တိုးတက် ဆောင်ရွက်နိုင်မယ့် အခြေအနေရောက်အောင် ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ပေးသွား ကြရန်ဖြစ်ပါတယ်။ အလားတူ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မတီ အဆင့်ဆင့်ကိုလည်း ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များအား ပိုင်နိုင်စွာ လေ့လာမှတ်သားစေပြီး ကြပ်မတ် ဆောင်ရွက်သွားကြရန်လည်း တာဝန်ရှိပါတယ်။

ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုတိယသမ္မတ (၂) က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ လစဉ်တင်ပြလျက်ရှိရာမှာ တိုင်ကြားစာ စိစစ်ချက်များတွင် အသုံးပြုရန်လိုအပ်ချက် အရ မစွန့်လွှတ်သည့် ကိစ္စရပ်များပေါ်တွင် ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိ/မရှိ အသေးစိတ် စိစစ်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ သိမ်းဆည်းပြီးကတည်းက ယခုအချိန်ထိ အသုံးပြုခဲ့ခြင်းမရှိဘဲ နောင်တွင် အသုံးပြုရန် ရှိနေသည် လုပ်ငန်း ဆောင်ရွက်ရန် ရှိနေသည်ဟုဆိုတာ မူဝါဒနှင့်ဆန့်ကျင်နေသဖြင့် လုံးဝမဖြစ်သင့်ပါ။ ဒါ့ကြောင့် နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်များနှင့်အညီ အလေးထား လိုက်နာကာ စိစစ်ဆောင်ရွက် သွားကြရန် လိုအပ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးကြရန် အထူး တာဝန်ရှိကြပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ဦးစားပေးဆောင်ရွက်သွားမယ့် ရည်မှန်းချက်ပန်းတိုင်မှာ ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး/ နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ဖို့ဆိုပြီး ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်တာကြောင့် လွှတ်တော် ကိုယ်စားလှယ်များပါဝင်တဲ့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်ရဲ့ စိစစ်တွေ့ရှိချက်၊ သဘောထား မှတ်ချက်များအပေါ်အခြေခံကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန် လိုအပ်ပါတယ်။ ဗဟိုကော်မတီ အနေနဲ့လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့ရဲ့ သဘောထားရယူပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးသွားရန် လိုအပ်ပါတယ်။ စွန့်လွှတ်မြေများနဲ့ ပတ်သက်လို့ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မူလပိုင်ရှင် များထံ အမြန်ဆုံး အပ်နှံသွားရန်နဲ့ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းမြေများအပေါ် ကော်မတီ အဆင့်ဆင့်က ထိထိရောက်ရောက် အမြန်ဆုံးစိစစ်ပေးကြရန် လိုအပ် ပါတယ်။

သိမ်းဆည်းခံမြေများအား သက်ဆိုင်ရာကော်မတီအသီးသီးက ပြန်လည် စိစစ်ရာမှာ အဆင်ပြေချောမွေ့မှု မရှိစေရန် အဟန့်အတားဖြစ်စေတဲ့၊ စွန့်လွှတ်ပြီး မြေများအား အပ်နှံပေးရန် အနှောင့်အယှက်ဖြစ်စေတဲ့၊ စွန့်လွှတ်ပြီးမြေများအား အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်း ပေးရန်အခက်အခဲလုပ်နေတဲ့၊ အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိစေရန် အကျပ်အတည်း ဖြစ်စေတဲ့၊ သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူကြရန် ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာခြံမြေများအပေါ် နိုင်ငံတော်ရဲ့မူဝါဒနှင့်အညီ ပြန်လည် စွန့်လွှတ်ပေးကြရန်၊ စွန့်လွှတ်ရန်မဖြစ်နိုင်တဲ့ သိမ်းဆည်းခံ လယ်ယာ ခြံမြေများအတွက် လျော်ကြေး၊ နစ်နာကြေး ပေးကြရန်၊ စွန့်လွှတ်မြေများကို အမြန်ဆုံးပြန်လည်အပ်နှံပေးနိုင်ရေး၊ အမည်ပေါက် ရရှိစေရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်၊ ပြန်လည် စွန့်လွှတ်မြေ များအား မသက်ဆိုင်သူ လက်ဝယ်သို့ရောက်ရှိခြင်းမရှိစေဘဲ သက်ဆိုင်သူ တောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိစေရေး စိစစ်ပေးကြရန်၊ စွန့်လွှတ်မြေများ ပေါ်တွင် ကျူးကျော်များဝင်ရောက်နေမှုအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းပေးကြရန်၊ နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် သိမ်းဆည်း မြေများကို နိုင်ငံတော်က ချမှတ်ထားတဲ့မူဝါဒ၊ လုပ်ငန်းစဉ်များနဲ့အညီ မှန်ကန်စွာ စီမံခန့်ခွဲပေးကြရန် တို့ကို ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြတဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဝန်ကြီးချုပ်များက လိုအပ်တာထက် အချိန်ဆွဲ ဖြေရှင်းခြင်း မပြုကြဘဲ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက် စီမံခန့်ခွဲ ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ် ပါတယ်။