လယ်ယာမြေအခွန်နှုန်းထားကို ဒေသန္တရအခြေအနေအရ စီလျော်သောနှုန်းထားဖြစ်စေရန် ဆောင်ရွက်ထား

မန္တလေး ၃၁ သြဂုတ်

လယ်ယာမြေအခွန်နှုန်းထားကို ဒေသန္တရအခြေအနေအရ စီလျော်သောနှုန်းထားဖြစ်စေရန် ဆောင်ရွက်ထားသည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

 

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

"လယ်ယာမြေအခွန်နှုန်းထားကို ဒေသန္တရအခြေအနေအရ စီလျော်သောနှုန်းထားဖြစ်စေရန် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းထားပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

 

လယ်ယာမြေ ရောင်းချ၊ ငှါးရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းများ ဆောင်ရွက်သည့်အခါတွင် ပေါက်စျေးအရ ထိုင်သင့်သည့် လယ်ယာမြေအခွန်ကို ထမ်းဆောင်စေပြီး ရပ်၊ ကျေး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရှေ့တွင် စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

 

အဆိုပါ စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း လယ်ယာမြေနည်းဥပဒေအရ မှတ်ပုံတင်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အလိုက် မျှတသော လယ်ယာမြေနှုန်းထားဖြစ်စေရေး၊ အဂတိမှုများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်ဧကလျှင် ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားခွဲပြီး ဆောင်ရွက်နေကြောင်း သိရသည်။

 

မန္တလေးတိုင်းတွင် ဇူလိုင် ၃၁ ရက်အထိ လယ်ယာမြေမှတ်ပုံတင်ဆောင်ရွက်သူ ၉၀၆ စောင်ရှိကြောင်း သိရသည်။

မေသက်ထား