လယ်ယာစွန့်ပစ်ပစ္စည်းများမှသည် အစားအစာလုံခြုံမှုဆီသို့

 

ဒေါက်တာဝင်းစုမင်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးမှထုတ်လုပ်သော စွန့်ပစ်ပစ္စည်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိနေပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး မြေဆွေးပုံများပြုလုပ်သုံးစွဲရန်အတွက် အလွန်လိုအပ်လျက် ရှိနေပါသည်။ တစ်ဖက်မှလည်း ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုလျှော့ချနိုင်ပြီး အခြားတစ်ဖက်မှလည်း စိုက်ပျိုးရေးဆိုင်ရာ အထွက်နှုန်းများ တိုးတက်စေရန်အတွက်လည်း ရည်ရွယ်ချက်များထားရှိကာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရေရှည်တွင် မြေဆီလွှာအာဟာရကို ထိန်းသိမ်းရန်အတွက်လည်း မြေဆွေးများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှပါသည်။ ထို့ကြောင့် အကျိုးပြုအဏုဇီဝသက်ရှိများကို အသုံးပြု၍ ၎င်းစွန့်ပစ်ပစ္စည်းများကို ဆွေးမြည့်စေကာ မြေဆွေးပြုလုပ် အသုံးချခြင်းသည် အကောင်းမွန်ဆုံးသော နည်းလမ်းဖြစ်ပါသည်။

 

မြေဆွေးဆိုသည်မှာ

 

မြေဆွေးဆိုသည်မှာ အဏုဇီဝသက်ရှိများမှ ချေဖျက်ပြီး ရရှိလာသော တည်ငြိမ်ဆွေးမြည့်သည့် အော်ဂဲနစ်ပစ္စည်းကို ဆိုလိုပါသည်။ မြေဆွေးဖြစ်စဉ် တစ်ခုတွင် အဏုဇီဝသက်ရှိများသည် အောက်ဆီဂျင်ကို အသုံးပြုပြီး ချေဖျက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ကာ မူလရှုပ်ထွေးသည့် အော်ဂဲနစ်ပစ္စည်းများကို အော်ဂဲနစ်ပစ္စည်းများအသွင်သို့ ပြောင်းလဲသည့် ဖြစ်စဉ်ဖြစ်ပါသည်။ ထရိုင်ခိုဒါးမားဖြင့် ဆွေးမြည့့်ထားသော မြေဆွေးများသည် သာမန်ဥယျာဉ်ခြံ မြေဆွေးများထက် အပင်ရောဂါများကိ ုသက်သာစေပြီး အပင်ကြီးထွားမှုကို တိုးတက်ကောင်းမွန်စေပါသည်။

 

အကျိုးပြုအဏုဇီဝသက်ရှိများအသုံးပြု၍ မြေဆွေးပြုလုပ်ခြင်း

 

မြေဆွေးပြုလုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ ကြံကြိတ်ဖတ် ကဲ့သို့သော ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ သမားရိုးကျ မြေဆွေးများသည် ဆွေးမြည့်ရန်အတွက် ပုံမှန်အားဖြင့် လေးလမှ ငါးလခန့်အထိ ကြာမြင့်တတ်ကြပါသည်။ အကျိုးပြုအဏု ဇီဝသက်ရှိကိုအသုံးပြု၍ ဆွေးမြည့်စေမည်ဆိုပါက သုံးပတ်မှ လေးပတ်အထိ ကြာမြင့်ချိန်ကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ ဆဲလူးလို့စ်များကို ချေဖျက်နိုင်သည့် အက်စပါးဂျီးလပ်စ်နှင့် ထရိုင်ခိုဒါးမားမှိုများကို အသုံးပြုမည်ဆိုပါက တစ်လအတွင်း ဆွေးမြည့်စေနိုင်ကြောင်း သုတေသနများအရ သိရှိရပါသည်။ ထရိုင်ခိုဒါးမားမှိုများတွင် ပါဝင်သည့် အင်ဇိုင်းတစ်မျိုးသည် ဆဲလူးလို့စ်များကို ကောင်းစွာချေဖျက်နိုင်ပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမား အကျိုးပြုမှိုများကို မြေဆွေးပြုလုပ်ရာတွင် အသုံးပြု သင့်ပါသည်။

 

ထရိုင်ခိုဒါးမားမှိုအသုံးပြု၍ မြေဆွေးပြုလုပ်ခြင်း

 

ထရိုင်ခိုဒါးမားမှိုသည် ပွားများမှုမြန်ဆန်ပြီး စီးပွားဖြစ်အနေဖြင့် ဇီဝမြေဆွေးထုတ်လုပ်ခြင်း၊ ဇီဝ ပိုးသတ်ဆေးများ ထုတ်လုပ်ခြင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ သီးနှံအများစု၏ မြေဆောင်ရောဂါများ ကျရောက်မှုတွင်လည်း ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ ရောဂါများကို လျော့ပါးသက်သာစေကြောင်း တွေ့ရှိရပါသည်။ ထရိုင်ခိုဒါးမားမှိုဖြင့် စီရင်ထားသော မြေဆွေးများသည် အပင်များတွင်ဖြစ်စေသော မှိုရောဂါတော်တော် များများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဇီဝမြေဆွေး များသည် ဓာတုမြေဆွေးများကဲ့သို့ အပင်ကို တိုက်ရိုက် အစာကျွေးခြင်းမဟုတ်ဘဲ မြေထဲတွင်ရှိသော အခြား ဗက်တီးရီးယားများနှင့် မှိုများအတွက် ကြားခံပစ္စည်းများအနေဖြင့် အကျိုးပြုနေပါသည်။ ဇီဝမြေဆွေး ထုတ်လုပ်မှုသည် ဓာတုမြေဩဇာများထုတ်လုပ်ခြင်း ထက် ရိုးရှင်းလွယ်ကူပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေပါသည်။

 

မြေဆွေး ဆွေးမြည့်မှုကိုစမ်းသပ်ခြင်း

 

မျိုးစေ့ကို အညှောင့်ဖောက်၍ စမ်းသပ်ခြင်းသည် မြေဆွေးဆွေးမြည့်မှုကို တိုင်းတာရာတွင် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါသည်။ အပင်ပေါက်ရာခိုင် နှုန်း ၈၀ - ၈၅ ရာခိုင်နှုန်းထက် ကျော်လွန်ပါက မြေဆွေးသည် ကောင်းစွာ ဆွေးမြည့်နေပြီ ဖြစ်ပါသည်။ ကောင်းစွာဆွေးမြည့်နေသော မြေဆွေးသည် ပြင်ပသွင်ပြင်လက္ခဏာများအရ အညိုရောင်မှ အနက်ရောင်ဖြစ်နေခြင်း၊ မြေလုံးဖွဲ့စည်းမှုကောင်းခြင်း၊ အနံ့အသက်ကောင်းခြင်းတို့နှင့် ပြည့်စုံရပါမည်။ ထရိုင်ခိုဒါးမားမှို စီရင်ထားပါက နိုက်ထရိုဂျင်၊ ဖော့စပါးရပ်နှင့် ပိုတက်စီယမ်ပါဝင်မှုကို ကောင်းမွန်စေပါသည်။ ကာဗွန်၊ နိုက်ထရိုဂျင်အချိုးကိုလည်း လျော့ကျစေပါသည်။ ကောက်ရိုးမြေဆွေးသည် ၈၅-၁၀၈ ရက်အတွင်း ဆွေးမြည့်ပြီး ကြံမြုပ်ချေး မြေဆွေးသည် ရက်ပေါင်း ၁၁၈ ရက်ကြာမှသာ ဆွေးမြည့်သည်ကို လေ့လာတွေ့ရှိထားပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမားမှိုကို အသုံးချခြင်းဖြင့် မြေဆွေးများ ပြုလုပ်သုံးစွဲသင့်ပါသည်။

 

သဘာဝမြေဆွေးနှင့် ဇီဝမြေဆွေးတို့၏အကျိုးကျေးဇူးများ

 

သဘာဝ၊ ဇီဝမြေဆွေးများကို အသုံးပြုခြင်းဖြင့် တောင်သူများ လက်ရှိအသုံးပြုနေသော ဓာတုဗေဒပိုးသတ်ဆေး၊ မြေဩဇာများအတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး ဝင်ငွေများလည်း တိုးတက်လာစေမည်ဖြစ်ပါသည်။ အကျိုးပြုအဏု ဇီဝသက်ရှိများကိုအသုံးပြု၍ မြေဆွေးများ ပြုလုပ်သုံးစွဲခြင်းဖြင့် အစားအစာ လုံခြုံမှုနှင့် အန္တရာယ်ဖြစ်မှု၊ စားသုံးရန်စိတ်ချရမှု စသည်တို့ကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါသည်။ ပြည်ပပို့ကုန် သီးနှံများတွင်လည်း ဓာတ်ကြွင်း အာနိသင်ပြဿနာကြောင့် ပို့ကုန်အတွက် ထိခိုက်နစ်နာမှုများ၊ စီးပွားရေးအရ ဆုံးရှုံးရမှုများကို စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များလည်း ထိခိုက်ခံစားနေကြရပါသည်။

 

ဇီဝမြေဆွေးများ ပြုလုပ်သုံးစွဲခြင်းဖြင့် အထက်ပါပြဿနာများကို ပြေလည်စေမည်ဖြစ်ပြီး စားသုံးသူ၊ စိုက်ပျိုးသူ၊ ကုန်သည်များမှသည် နိုင်ငံတော်အထိ များစွာ အကျိုးရှိစေမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ဇီဝမြေဆွေးများ အမြန်ဆုံးအကောင် အထည်ဖော်ပြုလုပ်သုံးစွဲကြရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ဇီဝမြေဆွေးများ ပြုလုပ်သုံးစွဲလိုသော တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် အော်ဂဲနစ် စိုက်ပျိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်လိုသော အဖွဲ့အစည်းများအတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ထရိုင်ခိုဒါးမားမှိုထုပ်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးခြင်းနှင့် ဇီဝမြေဆွေးပြုလုပ်ရန် နည်းပညာများ သင်တန်းပေးခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။