လယ်ဝေးမြို့နယ်နှင့် ဒဂုံမြို့သစ်‌မြောက်ပိုင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာ ၁၅ ရက်  မွန်းလွဲ ၃ နာရီက  လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာလမ်းထိပ်နှင့် ပျဉ်းမနားမြို့ရှောင်လမ်းထောင့်တွင် ဦးမြင့်(ခ)မြင့်နိုင်၊ သန့်ဇင်အောင်၊ ဘိုဘိုဟန်(ခ)ဖိုးကြူနှင့် မနီနီဝင်း(ခ)နီလာတို့အား Toyota Landcruiser VX Limited မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေခဲ့ရာ မော်တော်ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ငွေကျပ် ၇၅,၀၀၀ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူယင်းနေ၌ ည ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ပီမိုးနင်းလမ်း၊ အမှတ်(၇၉၅)‌နေ မျိုးမြင့်နှင့် ဇနီးဖြစ်သူ မမေသင်္ကြန်တို့ ငှားရမ်းနေထိုင်သည့် နေအိမ်ကိုရှာဖွေရာ  ၎င်းတို့ နှစ်ဦးအား မတွေ့ရှိဘဲ  အိပ်ခန်းအတွင်းရှိ စက္ကူပုံးနှင့် အိမ်ရှေ့ဘုရားစင်ရှိ ဗီရိုအောက်ခန်းအတွင်းတို့မှ  ဘိန်းဖြူ ၀ ဒသမ ၀၂၅ ကီလိုနှင့်  စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၁၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)