လယ်ကိုင်းမြို့ဟောင်း ဘားဝပ်ကျောင်း၏ ပြသာဒ်ဆောင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

ပွင့်ဖြူ    ၃  စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်း၌ ရုပ်စုံကျောင်းများနှင့် အသွင်သဏ္ဍန် ဆင်တူသည့် စေတဝန်ကျောင်းအမျိုးအစား ဘားဝပ်ဘုန်းကြီးကျောင်းတည်ရှိပြီး ကျောင်းတော်ကြီး၏ ပြသာဒ်ဆောင်တိုင်များ၊ ကြမ်းခင်း နှင့် ပြသာဒ်များမှာ ယိုင်နဲ့ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြုပြင်မှုများဆောင်ရွက်ရန်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ယဉ်ကျေးမှုဦးစီးဌာနက ကျောင်းကြီးရဲ့အဆောင်တွေက ယိုင်နေတဲ့တိုင်တွေကို ပြန်မတ်ပေးထားပါတယ်။ လက်ရှိအခြေအနေကတော့ ကြမ်းခင်းတွေ သိပ်မကောင်းဘူး။ ပြသာဒ်ဆောင် လုံးဝမပြင်ရသေးဘူး။ တိုင်အလုံးကြီး ၃၀ လောက် ယိုင်နေတာကို ပြန်မတ်ဖို့လိုနေပါတယ်။ အရန်တိုင် အလုံး ၂၀ဆယ်လောက်ကိုလည်း ပြန်မတ်ရမယ်။ အပေါ်ကပြသာဒ်ကလည်း ပြတ်ကျတော့မယ့် အနေအထား ဖြစ်နေတယ် ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းမြင့် ကပြောသည်။

 

မြန်မာသက္ကရာဇ် ၁၂၅၀ ခုနှစ်တွင် လယ်ကိုင်းမြို့အုပ်ကြီး ဦးအံထော်နီ နှင့် ဇနီး ဒေါ်အံထော်နီတို့က ဒင်္ဂါး ဆယ်တင်းအကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့သည့်  ဘားဝပ်ကျောင်းမှာ ကျောင်းတိုင်ပေါင်း(၁၆၅) တိုင် ၊ ကျောင်းခန်းပေါင်း (၁၆၅)ခန်း ၊ အရှေ့အနောက် အလျား(၁၂၈)ပေ ၊ တောင်မြောက်အနံ(၆၇)ပေ ၊ အမြင့် ၁၁၄.၉ ပေ ( မြေပြင်မှ အဆောင်မအထိ အမြင့်(၃၉.၉)ပေ ၊ ပြသာဒ်အမြင့်(၇၅)ပေ ) ၊ လှေကားထစ်၁၂ထစ်ပါ လှေကား ၆စင်း ( တောင်ဘက် အရပ်၌ လှေ(၃)စင်း ၊ မြောက်ဘက်အရပ်၌ လှေကား(၃)စင်း) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

 

 

“ မြောက်ဘက်ကကြည့်ရင် ပိုဆိုးတယ်။ သွပ်အမိုးတွေက လုံးလုံးလန်ကုန်လို့လေ။ လုံးလုံးပျက်ဆီးသွားရင် တော့ ယဉ်ကျေးမှုအမွေအနှစ်က အလကားဖြစ်သွားမယ် ” ဟု ဒေသခံ ကိုဝင်းလှိုင်က သူ၏အမြင်ကို ပြောပြသည်။

 

ကျောင်းတော်ရာ၌မြတ်စွာဘုရားတရားဟောနေစဉ် တရားနာနေသည့်ဖားငယ်လေးတစ်ကောင်မှာ နွားကျောင်း သားတစ်ယောက်၏ နှင်တံထောက်မိသေဆုံး၍ ဖားနတ်သားဖြစ်ရသည့် အတိတ်အကြောင်းရှိခဲ့ပြီး ဖားငယ်တရားနာသည့်နေရာတွင် ကျောင်းကိုဆောက်လုပ်ခဲ့သည့်အတွက် “ဖားဝပ်ကျောင်း” ဟုလည်းကောင်း ၊ မဏိစည်သူမင်းကြီး တည်ထားခဲ့သည့် ဘားဝပ်ဘုရားကိုအစွဲပြု၍ “ ဘားဝပ်ကျောင်း ” ဟုလည်းကောင်း ယုံကြည်မှုအပေါ်အခြေခံ၍ ခေါ်ဆိုမှုများရှိကြသည်။

 

ဝါတွင်းကာလ နှင့် နွေဦးရာသီ ရွှေစက်တော်ဘုရားပွဲတော်ချိန်ကာလများ၌ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးသို့ ဘုရားဖူးအလာများကာ ကြုံကြိုက်သည့်အတွက် ဘားဝပ်ကျောင်းကို ဝင်ရောက်လေ့လာကြကြောင်း ၊ ကျောင်းကြီး အား ဝါတော်(၁၅)ဝါခန့်ရှိ ရဟန်းပျိုများ နှင့် ဒေသခံများက စောင့်ရှောက်နေပြီး ကျောင်းအတွင်း ယဉ်ကျေးလိမ္မသင်တန်းများ ၊ ကွန်ပျူတာသင်တန်းများ သင်ကြားပို့ချပေးနေကြောင်း ဒေသခံကိုမျိုးကျော် ထံမှ သိရသည်။

 

ဇေယျတု(မကွေး)