လူထုယုံကြည်လေးစားအားကိုးမှုကို ရယူ

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့သည်ဖြစ်စေ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ခိုင်မာ အောင်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာပျံ့နှံ့ထိရောက်အောင်၊ ပြည်သူလူထု ယုံကြည်လေးစားအားကိုး အားထားဖြစ်အောင် စီမံဆောင်ရွက်သည့်လုပ်ငန်းသည် အုပ်ချုပ်ရေးကဏ္ဍ ဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍ၏ အဓိကကျောရိုးဒေါက်တိုင်သည် ယနေ့ ကာလ အဆင့်ဆင့်သော ဒေသအလိုက် အုပ်ချုပ်ရေးလုပ်ငန်းများ ဖြစ်သည်။

နိုင်ငံ၏အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အထွေထွေအုပ်ချုပ်ရေးသည် မြို့ ရွာများ အုပ်ချုပ်စီမံရေးကို အဓိကထား ဆောင်ရွက်ရသဖြင့် အရေးကြီး သော လုပ်ငန်းဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားအားထားသော ဝန်ထမ်းများဖြစ်ရေး လိုအပ်သည်။ ယခုအခါ ပြောင်းလဲလာသော နိုင်ငံ ရေးစနစ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ မျှော်မှန်းချက်နှင့်အညီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပြီးဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် တည်ငြိမ်သည့် အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ထိန်းသိမ်းပြီး တစ်ချိန်တည်းတွင် ပြုပြင်ပြောင်းလဲမှုများကို စဉ်တိုက် ဆက်တိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားလိမ့်မည်ဟု ယုံကြည်ပါ သည်။ လက်တွေ့တွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြောင်းလဲရေးကို စနစ်တကျဆောင်ရွက်ရန် စီစဉ်နေပြီး ၂ဝ၁၉ ခုနှစ်မှစတင်၍ အသွင်သစ်၊ အမြင်သစ်၊ မျှော်မှန်းချက်အသစ်များဖြင့် ပြည်သူများ အလွယ်တကူ သိမြင် နိုင်သည့် အပြောင်းအလဲများကို ဖော်ဆောင်ရန် ပြင်ဆင်နေပြီဟု သိရသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ မျက်မှောက်ကာလအထိ အစိုးရ အဆက်ဆက်၊ နိုင်ငံရေးစနစ်တို့ကို ဖြတ်သန်းခဲ့ကြရာတွင် မြို့ရွာဒေသ အုပ်ချုပ်ရေးတွင် ပုံစံအမျိုးမျိုးတို့ဖြင့် အားသာမှု၊ အားနည်းမှုတို့ကို ခေတ် အဆက်ဆက်မှ ပြည်သူများ ကြုံတွေ့ခဲ့ကြရသည်။ ပြည်သူလူထုအနေဖြင့် မူ မိမိတို့ဒေသတွင် ယုံကြည်လေးစားအားကိုးအားထားပြုရသည့် အရည် အသွေး၊ အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးဝန်ထမ်းများကို လိုလား ခဲ့ကြသည်ချည်းဖြစ်သည်။ လက်ရှိတွင် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာ ပြဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူလူထုကို မျက်နှာမူသည့် အုပ်ချုပ်ရေး မဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။

အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် မြို့ရွာဒေသအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံ စီမံဆောင်ရွက်ရသူများဖြစ်၍ ပင်ကိုအရည်အချင်းများ၊ ပြုပြင်ပြောင်းလဲနိုင်စွမ်းနှင့် မိမိတို့၏ကိုယ်စွမ်း ကိုယ်စနှင့် ဉာဏ်စွမ်း ဉာဏ်စများအား စဉ်ဆက်မပြတ်မြှင့်တင်ပေးရေးမှာ အထူးလိုအပ်သည်။ လူထုနှင့် အနီးစပ်ဆုံးဖြစ်သည့် အထွေထွေအုပ်ချုပ် ရေးဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲလိုသည့် အတွေးအခေါ်များ၊ အယူ အဆများ၊ စိတ်ကူးစိတ်သန်းများ ပါဝင်နေရန် လိုအပ်သည်။

အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းသည် ပြည်သူလူထုနှင့် ဆက်ဆံ ရသည့်၊ ပြည်သူလူထုအရေး ဆောင်ရွက်ရသည့် အထူးအရေးပါသော လုပ်ငန်းဖြစ်သည့်အတိုင်း အုပ်ချုပ်ရေးဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းများသာမက ပညာရေး၊ ကျန်းမာရေး၊ စာရိတ္တရေး၊ ဗဟု သုတရေး၊ ကိုယ်ပိုင်ဉာဏ်ရှိရေး၊ သတ္တိ၊ ဗျတ္တိရှိရေး၊ ဆက်ဆံရေး၊ လိမ္မာ ရေး၊ ပါးနပ်ရေး၊ ဇွဲ၊ လုံ့လရှိရေး စသည့်အချက်များလည်း လိုအပ်သည်။

ယန္တရားစက်ကို လည်ပတ်မောင်းနှင်ရာ၌ အံချော်၊ အပေါက်မတည့်၊ အဆက်အစပ်မကောင်း၊ အထိန်းအကျောင်း အကွပ်အကဲမရှိ၊ တစ်ခုနှင့် တစ်ခု အဆင်မပြေ၊ အပတ်မပြည့်၊ လျော့ရိလျော့ရဲ စသည်တို့ မဖြစ်စေ ရေးကို ကြီးကြပ်ကွပ်ကဲစီမံပြင်ဆင်ထားရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေး ယန္တရားကိုလည်း စက်ယန္တရား လည်ပတ်မောင်းနှင်ပုံနည်းတူ ဆောင်ရွက် ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထုကိုအကျိုးပြုသည့် နိုင်ငံတော် ၏အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ချောမွေ့စွာ လည်ပတ်စေရန်အတွက် ဝန်ထမ်းများက မိမိကိုယ်ကိုယုံကြည်မှုကို အလေးအနက်ခံယူပြီး ပြည်သူ လူထု၏ ယုံကြည်လေးစားအားထားမှုကို ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။


ကြေးမုံ