လူထုအခြေပြုဗဟိုဌာနတွင် ယူနီကုဒ်စနစ်ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ပေး

ကန့်ဘလူ ၆  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT တို့ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများအား ယူနီကုတ်စနစ် အသုံးပြုတတ်စေရန် အသိပညာပေးခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းတို့ကို နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

 ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်မိုးခက်က အောက်တိုဘာ ၁ ရက်ကစတင်ပြောင်းလဲ အသုံးပြုခဲ့သော ယူနီကုတ်စနစ်ကို ပြည်သူများအားလုံးလိုက်ပါ ပြောင်းလဲ အသုံးပြု တတ်စေရန်နှင့် ယူနီကုတ်စနစ်ပြောင်းလဲရာတွင် နည်းပညာ အခက်အခဲ ရှိသူများအား ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ ဦးမျိုးသိန်းနိုင်က ယူနီကုတ်ပြောင်းလဲအသုံးပြုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူး များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

 

 ထို့နောက် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြန်မာ့ဆက်သွယ်ရေး MPT တို့မှဝန်ထမ်းများက ယူနီကုတ်စနစ် ပြောင်းလဲပုံအဆင့်ဆင့်နှင့် စနစ်တကျအသုံးပြုတတ်စေရန် တက်ရောက် လာသူများအား ဖုန်းများဖြင့်လက်တွေ့ပြောင်းလဲ အသုံးပြုတတ်စေရန်ကူညီဆောင်ရွက် ပြသပေးခဲ့ကြကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)