လူသားတို့နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ

၂၄   အောက်တိုဘာ

ယခုနှစ်တွင် ကမ္ဘာကြီးပေါ်တွင် လူဦးရေ ၇  ဒသမ  ၇  ဘီလီယ့ကျော် (သန်းပေါင်း ခုနစ်ထောင့်ခုနစ်ရာကျော်) ရှိသွားပြီဟု ကမ္ဘာ့ကုသမဂ္ဂလူဦးရေဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၁၉၈၀-၂၀၁၅ ကာလအတွင်း အကြမ်းဖျင်း ခန့်မှန်းတွက်ချက်မှုများအရ ငါးနှစ်လျှင် လူဦးရေ သန်း ၄၀ဝ ခန့်တိုးလာ၏။ ၂၀၁၅-၂၀၁၉ အတွင်းတွင် တစ်နှစ်လျှင် သန်း ၁၀ဝ နီးပါး တိုးပွားလာသည်ကို တွေ့ရပါသည်။

ထိုသို့သော လူဦးရေတိုးတက်မှုကို အခြေခံ၍ ခန့်မှန်းတွက်ဆမှုအရ ၂၀၁၃ တွင် သန်းပေါင်း ရှစ်ထောင်၊ ၂၀၃၇ တွင် သန်းပေါင်း ကိုးထောင်၊ နောက်နှစ် ၄၀ ခန့် ၂၀၅၇ တွင် ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း တစ်သောင်းအထိ ရောက်ရှိလာမည်ဟု တွက်ချက်ထားပါသည်။

ယခုလက်ရှိတွင် လူဦးရေအများဆုံးမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်၏။ တရုတ်နိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၄၃၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံတွင် သန်းပေါင်း ၁၃၇၀ ကျော် ရှိနေသည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းက ပိုမိုမြန်ဆန်နေသည့်အတွက် မကြာမီကာလတွင် အိန္ဒိယနိုင်ငံက လူဦးရေပိုမိုများပြားလာဖွယ်ရာ ရှိနေသည်။

ယခုကဲ့သို့သော ကမ္ဘာ့လူဦးရေ တိုးပွားပေါက်ကွဲမှုနှုန်းက  အထူးများပြားလာနေသည့်ကြောင့် တွေ့ကြုံရမည့် ပြဿနာများ၊ အခက်အခဲများကလည်း စောင့်ကြိုနေသည်ဖြစ်ပါ၏။ ဦးဆုံးအနေဖြင့် သောက်သုံးရေနှင့် အစားအစာ မလောက်ငမှုက အကြီးမားဆုံး အကျပ်အတည်းဖြစ်လာနိုင်သည်ဟု ပညာရှင်တို့က ဆိုကြ၏။ အစားအသောက် ထုတ်လုပ်မှုနှင့် ရေရရှိနိုင်မှုထက် လူဦးရေတိုးပွားမှုက ပိုမိုမြန်ဆန်နေသည်ဟု ဆိုပါသည်။

ထို့ပြင် သဘာဝသယံဇာတနှင့် စွမ်းအားအရင်းအမြစ်များကို သုံးစွဲမှုကလည်း လူဦးရေတိုးပွားမှုနှုန်းကို အမီမလိုက်နိုင်။ အခြားတစ်ဖက်တွင် လူတို့က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များက ခုထိတိုင် များပြားနေဆဲဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည်ကို အမှန်တကယ် လိုက်နာဆောင်ရွက်သည်က များစွာအရှိန်နည်းပါးနေဆဲဖြစ်၏။ လူတို့၏ နေထိုင်သည့် ခေတ်သစ်ပုံစံနှင့် သဘာဝအရ မြေထု၊ ရေထု၊ လေထုအတွင်းသိုပ ရောက်ရှိလာမည့် ညစ်ညမ်းမှုများကလည်း များစွာတိုးမြင့်လာပေဦးမည်။

၂၀၁၄ ခုနှစ် ကာလများက သိပ္ပံပညာရှင်များ၏ အတွက်အဆများတွင် ကမ္ဘာကြီး၏ လူဦးရေဆိုင်ရာ ခံနိုင်ရည်ရှိမှုကို အမျိုးမျိုးတွက်ကြသည်။ ထိုတွက်ချက်မှုများအရဆိုလျှင် ဤကမ္ဘာကြီးက လူဦးရေ သန်းပေါင်းတစ်ထောင်သည် အမြင့်ဆုံး ခံနိုင်ရည်ရှိမည့် အရေအတွက် ဖြစ်နိုင်သည်ဟူ၏။ နောက်နှစ် ၄၀ ခန့်အကြာတွင် အမြင့်ဆုံးခံနိုင်ရည်ကို ရောက်ပြီဟု ခန့်မှန်းထားခြင်းဖြစ်လေရာ ကမ္ဘာ့လူသားတို့ အကျပ်အတည်း အခက်အခဲများကြားတွင် အလွန်အကျူး မခံစားရရေးသည် အရေးကြီးသည့်ပြဿနာ ဖြစ်လာနေပြီ။

ဤသည်ကို ဖြေရှင်နိုင်ရန်မှာ ယနေ့ရှင်သန်နေသည့် လူသားအားလုံးက ပြဿနာကို ပြဿနာအဖြစ် နားလည်မှု ရှိကြရေးက ပထမဆုံးလိုအပ်ချက်ဖြစ်ပါမည်။ ထိုသို့ နားလည်သဘောပေါက်ကြပြီး သည်နောက်တွင် လူတစ်ဦးချင်းစီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အလေးဂရုပြု ပါဝင်ဆောင်ရွက်နိုင်ကြဖို့လိုသလို ကမ္ဘာတစ်ခုလုံးနှင့် ခြုံငုံရှုမြင်ကာ အမြင်ကျယ်ကျယ် အတွေးနက်နက်ဖြင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ကြရန်လည်း လိုပါမည်။

စစ်ပွဲများရပ်ဆိုင်းနိုင်ရေ၊ ငြိမ်းချမ်းရေးအမြင်၊ မေတ္တာလွှမ်းခြုံသောအမြင်တို့ဖြင့် လူအချင်းချင်း ချစ်ကြည်စွာ ဆက်ဆံနိုင်ကြရေးတို့လည်း အမှန်တကယ်လိုအပ်ပါမည်။

အနာဂတ်မျိုးဆက်ဟူသည် ယနေ့လူသားတို့၏ သားသမီးမြေးမြစ်များသာဖြစ်ပြီး ဤမျိုးဆက်၏ အနာဂတ်မှာ ယနေ့လူသားတို့၏ လက်ထဲတွင် လုံးလုံးလျားလျား မူတည်နေပါသည်။ ယနေ့ မျိုးဆက်တို့ ရှင်သန်နေထိုင်ကြမည့် အချိန်ကာလအတွင်းမှာပင် လူဦးရေ တိုးပွားပေါက်ကွဲမှု၏ ပြဿနာအရပ်ရပ်ကို စတင်တွေ့မြင်ကြရတော့မည်ကဲ့သို့လည်း ဖြစ်နေသည်ကို သတိပြုသင့်ကြပြီ။

ကမ္ဘာလုံးဆိုင်ရာ ပြဿနာဆိုသည်မှာ မည်သူမျှ၊ မည်သို့မျှ၊ ရှောင်လွှဲ၍ရမည် မဟုတ်သကဲ့သို့ တကယ်တမ်းကြုံတွေ့လာပြီဆိုလျှင်လည်း မိမိတို့လက်ထဲတွင် ရှိနေသည်ဆိုသော၊ သို့မဟုတ် မိမိတို့ ရှာဖွေစုဆောင်းနေကြသော ငွေကြေးဓနဥစ္စာ လောကီစည်းစိမ်ချမ်းသာအားလုံးမှာ အဓိပ္ပာယ်မဲ့ ဖြစ်ချေမည်ဆိုခြင်းကို နားလည်ကြရင်း မိမိတို့၏ ကမ္ဘာကြီးတစ်ခုလုံးနှင့် သက်ဆိုင်သော ပြဿနာများကို ဝိုင်းဝန်း စဉ်းစားပါဝင်ကြဖို့လိုမည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာ့အလင်း