လူသားဆန်သည့် နိုင်ငံ့သားကောင်း

အဆင့်မြင့်ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့သာမက လူသားပီသသည့် နိုင်ငံသားကောင်းများ၊ ကမ္ဘာသူကမ္ဘာသားကောင်းများ ဖြစ်လာစေရေးကိုလည်း ပဲ့ကိုင်ထိန်း ကျောင်းပေးဖို့ လိုအပ်ကြောင်း နေပြည်တော်တွင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ဖန်တီးရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင် အမြောက်အမြားလိုအပ်သည်။ ထိုအရင်းအမြစ်များ ပေါ်ထွက်လာရန် အခြေခံဌာနမှာပညာရေးဖြစ်သည်။ ပညာရေးကဏ္ဍဟန်ချက်ညီညီ နိုင်ငံတကာအဆင့်မီမီ ဖွံ့ဖြိုးတိုးတက်မှ ထူးချွန်ထက်မြက်သည့် အရင်းအမြစ်များပေါ်ထွက်မည်။

ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် စွမ်းရည်ထက်မြက်သည့် လူငယ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ ထိုအရေးပါသော အရင်းအမြစ်ကို အရည်အသွေးမြင့်မားသည့် ပညာရေးကသာ မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ပညာရေးကို ပြုပြင်ပြောင်းလဲဆောင်ရွက်နေသည်။

စွမ်းရည်ထက်မြက်သည့် အရင်းအမြစ်များ ကဏ္ဍအလိုက်၊ ဘာသာရပ် အလိုက် များများစားစားပေါ်ထွန်းမှသာ နိုင်ငံနှင့် လူမျိုး၏လိုအပ်ချက်များကို ထောင့်စေ့အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ထောင့်စေ့အောင် အကောင်အထည် ဖော်ရာ၌လည်း နိုင်ငံတကာအရည်အသွေးမီ၊ အဆင့်မီအောင် ကြိုးပမ်းအကောင်အထည်ဖော်ရသည်။ ထို့အပြင်စိတ်ဓာတ်နှင့် ခံယူချက် ကောင်းမွန်မှန်ကန်သည့် လူကောင်းများလည်း ဖြစ်ဖို့လိုသည်။

မြန်မာတို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် လူကောင်းလူတော်ကိုသာ အလိုရှိကြသည်။ လူကောင်းသော်လည်း လူတော် မဖြစ်ပြန်လျှင် အလုပ်မဖြစ်ပေ။ လူတော်ဖြစ်သော်လည်း လူကောင်းမဖြစ်ပြန်လျှင်လည်း ခရီးရောက် လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတော်ရုံသာမက လူကောင်းဖြစ်ဖို့ပါ လိုအပ်ခြင်းဖြစ်သည်။ လူကောင်းလူတော်ဖြစ်ပါမူ မိမိတို့မျှော်မှန်းသည့်ပန်းတိုင် သို့မဟုတ် မိမိတို့လုပ်ကိုင်သည့်လုပ်ငန်းကို အောင်မြင်စွာတက်လှမ်း နိုင်မည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးမှုသမိုင်းကြောင်းကို ပြန်လည်ငဲ့စောင်းကြည့်မည်ဆိုပါက လူကောင်းများရှိသော်လည်း လူတော်များမရှိသော ကြောင့်လည်းကောင်း၊ လူတော်များရှိသော်လည်း လူကောင်းများ မဖြစ်သောကြောင့် လည်းကောင်း တိုင်းပြည်ရှေ့ခရီးကို ချောမွေ့အောင်မြင်စွာ မတက်လှမ်းနိုင်ဘဲ အဆိုးသံသရာတွင် လည်မြဲလည်လျက်ရှိသည်ကို မြင်တွေ့နိုင်သည်။ ရလဒ်မှာ အခြားနိုင်ငံများနောက် အောက်ကျနောက်ကျရောက်နေရသည့် အဖြစ်မျိုးကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနေသည့် အဆင့်မြင့်ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရေးသာမက လူသားပီသသည့် နိုင်ငံသားကောင်းများ၊ ကမ္ဘာသူ ကမ္ဘာသားကောင်းများ ဖြစ်လာစေရေးကိုလည်း ပဲ့ကိုင်ထိန်းကျောင်း ပေးဖို့လိုအပ်ကြောင်း နိုင်ငံ့ခေါင်းဆောင်က အသိပေး ခဲ့ခြင်းဖြစ်သည်။ အရည်အချင်း ပြည့်မီသော လူသားအရင်းအမြစ်ပြုစုပျိုးထောင်ရေး၌ အမြော်အမြင် မြင့်မားပြီး စိတ်ကောင်း နှလုံးကောင်းရှိသည့် နိုင်ငံသူ၊ နိုင်ငံသားကောင်း များ မွေးထုတ်ပေးရေးသည် ဦးစားပေးရမည့် အချက်ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားကောင်းတို့သည်သာ ငြိမ်းချမ်းသာယာပြီး အတူတကွယှဉ်တွဲ နေထိုင်နိုင်မည့် ပြည်ထောင်စုကြီးကို ဖန်တီးနိုင်မည် ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသား ကောင်းများသည်သာ ကမ္ဘာတစ်ဝန်း၌ လူသားဆန်သည့် လူပီသသူများ ဖြစ်နိုင်သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းသာယာဝပြောသည့် ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူသားဆန်သည့် လူပီသသော နိုင်ငံသူ၊ နိုင်ငံသားကောင်းများ၊ စွမ်းရည်ထက်မြက်သည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာရေးအတွက် ပညာရေးကဏ္ဍမှ တစ်ဆင့် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမည် ဖြစ်ပါကြောင်း။ ။

 

wdf