လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်စီးပွားရေးမြှင့်တင်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ ပြည်သူအများစု သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြင့်  အသက်မွေးဝမ်းကျောင်းပြုကြသည်။ ထိုသို့ အသက်မွေးဝမ်းကျောင်းပြုရာ၌ သမားရိုးကျ မိရိုးဖလာလုပ်ကိုင်မှုပုံစံဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်  ပုံမှန်အနေအထားဖြင့် လည်ပတ်နေကြသည်။ ထို့ကြောင့် ကျေးလက်ဒေသလူမှုစီးပွား၊ နိုင်ငံ့စီးပွား ပိုမိုတိုးတက်ဖွံ့ဖြိုးလာရေးတွင် အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်အစိုးရက အသက် မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးကာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

 

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ အမြန်ဆုံးလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံသင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် မွေးမြူရေးဒီပလိုမာသင်တန်း များကို  တိုးချဲ့ ဖွင့်လှစ်ပေးလျက်ရှိသော်လည်း  ထပ်မံလိုအပ်လာမည့်  စိုက်ပျိုး မွေးမြူရေးကျွမ်းကျင်သူ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လာမည့် ပညာသင်နှစ်မှစတင်၍ ဒေသအလိုက် အခြေအနေပေးသော အထက်တန်းကျောင်း များတွင်  စိုက်ပျိုးရေး၊  မွေးမြူရေး  အထက်တန်းကျောင်းအဆင့်ပညာရေးကို ထည့်သွင်းပို့ချပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။

 

စိုက်ပျိုးမွေးမြူရေးပညာသင်ယူကြသည့်   ကျောင်းသား ကျောင်းသူများ အနေဖြင့် အထက်တန်းပညာပြီးဆုံး ချိန်တွင် ထူးချွန်မှုအလိုက် ဒီပလိုမာသင်တန်းများနှင့် ဘွဲ့ကြိုသင်တန်းများကို တက်ရောက်ခွင့်ရရှိနိုင်မည် ဖြစ်သကဲ့သို့ တတ်မြောက်သည့်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်လိုပါက စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ကျွမ်းကျင်နိုင်နင်းစွာ လုပ်ကိုင်နိုင်ကြစေရန် ရည်ရွယ်မျှော်မှန်း၍  တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ  ဖွင့်လှစ်နိုင်ရေးကို  နိုင်ငံတော်အစိုးရက  ကြိုးပမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

 

နိုင်ငံတော်အစိုးရက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရေးအတွက် ဆန်စပါး၊ ဆီထွက်သီးနှံနေကြာ၊ ချည်မျှင်ရှည်ဝါနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အသားထုတ်လုပ်မှု တိုးတက်ထုတ်လုပ် နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ် ဧရိယာတိုးချဲ့ရေးအတွက်  အကျိုးတူကန်ထရိုက်လယ်ယာစနစ် အောင်မြင်ရေးကို သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးပညာများ   သင်ကြား ခဲ့ကြသည့် ကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များက   တီထွင်ကြံဆနည်းလမ်းရှာဖွေ ကြိုးပမ်းအားထုတ်မှု များဖြင့် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက် ထွက်ရှိလာမည်ဖြစ်သည်။

 

ယခုနှစ်တွင် နွေစပါးဧက ၈၅၀ဝ၀ဝ နှင့် ဆောင်းပဲတီစိမ်း ဧက ငါးသိန်းကို တောင်သူများ၏  သွင်းအားစုများတွင်  အသုံးပြုနိုင်ရေးအတွက်  နိုင်ငံတော်က ချေးငွေထုတ်ပေးပြီး အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့်  ဆောင်ရွက် နိုင်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ယင်းလုပ်ငန်းများတွင် တောင်သူအစုအဖွဲ့များ၊ သွင်းအားစု ကုမ္ပဏီအစု အဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်မည့်  အစုအဖွဲ့များ သုံးဦးသုံးဖလှယ် ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများတွင်လည်း မိမိတို့၏ရပ်ရွာ၊ မိသားစု များနှင့်သက်ဆိုင်သည့် စိုက်ပျိုးမွေးမြူရေးပညာရပ်များ သင်ကြားဆည်းပူးခဲ့သော လူ့စွမ်းအားအရင်းအမြစ်များက ပါဝင်စွမ်းဆောင်နိုင်ကြမည်ဖြစ်သည်။

 

ဥပမာအားဖြင့်  ပြင်ဦးလွင်၊  နောင်ချို၊  ရွာငံ၊  ဟိုပုံး၊  ရပ်စောက်၊  ပင်းတယ စသည့်ဒေသများ၌ ရှိပြီး ကော်ဖီစိုက်ခင်းများကို အဓိကထားအခြေပြုပြီး အခြား ရေမြေရာသီဥတုနှင့် ကိုက်ညီသောဒေသများတွင် ကုန်းမြင့်ကော်ဖီ ဧကနှစ်သိန်း ပြည့်အောင်  စိုက်ပျိုးသွားမည့်အစီအစဉ်ရှိရာ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေး ပညာရပ်များ သင်ကြားခဲ့ကြသည့် လူ့စွမ်းအားအရင်းအမြစ်များက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ အလားတူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြေပြန့်ကော်ဖီဧက တစ်သိန်း စိုက်ပျိုး သွားရန် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းလာအောင်  ဝိုင်းဝန်း ကြိုးပမ်း  ဆောင်ရွက်ကြရမည်ဖြစ်သည်။  အခြားသီးနှံများ  အောင်မြင် ဖြစ်ထွန်းရေးတွင် အလားတူဆောင်ရွက် ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဒေသအလိုက် စားရေရိက္ခာပေါများကြွယ်ဝရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရေးအတွက် မိမိတို့ ကျွမ်းကျင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများနှင့် ဒေသအလိုက် လေ့ကျင့်မွေးထုတ်ပေးထားသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူလူသား အရင်းအမြစ် များနှင့်အတူ    ပူးပေါင်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ