လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)တွင် နှလုံးသားထဲကပုဂံ ဓာတ်ပုံပြခန်းကို ပါဝင်ပြသ

မန္တလေး ၁၂ သြဂုတ် 

 

မန္တလေးမြို့တွင် သုံးရက်တာကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)တွင် နှလုံးသားထဲကပုဂံ ဓာတ်ပုံပြခန်း ပါဝင်ပြသထားသည်။

 

နှလုံးသားထဲက ပုဂံဓာတ်ပုံပြခန်းကို ပါဝင်ပြသရာတွင် ဓာတ်ပုံဆရာ (၄၀) ဦးရဲ့ ဓာတ်ပုံ (၇၀) ကျော်ကို ပါဝင်ပြသထားကြောင်း သိရသည်။

 

အဆိုပါ ပြခန်းနှင့်စပ်လျဉ်း၍  ပြခန်းတာဝန်ခံ ကိုနေဇာလင်းက “ဒီမှာပြတဲ့ ပုဂံပြခန်းကို လူငယ်တွေက  စိတ်ဝင်စားကြတယ်။ ပုဂံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက လူသားအားလုံး စိတ်ဝင်စားတယ်။ ပြခန်းက ဓာတ်ပုံတွေကို လူငယ်တွေ ပျော်ပျော်ရွှင်ရွှင် ကြည့်နေတာ မြင်ရတဲ့အတွက် ကြည်နူးပိတိဖြစ်မိတယ်။ သူတို့ရင်ထဲမှာ ပုဂံနဲ့ ပတ်သက်ပြီးတော့ ခံစားမှုတစ်ခုခုရသွားခဲ့ရင် ပိုပြီးတော့ ကျေနပ်မိမှာပါဟု” ပြောကြားသည်။

 

ဆက်လက်၍ ၎င်းက  “ပုဂံကို ယူနက်စကို အမွေအနှစ်အဖြစ် လျှောက်တဲ့အခါမှာ ပိုပြီးတော့ လူတွေ စိတ်ဝင်စားအောင် သိအောင် Promote  လုပ်ပေးပေးတဲ့အနေနဲ့ ဓာတ်ပုံပြပွဲတွေ ပြသပေးပါတယ်။ တတိယအကြိမ် ဓာတ်ပုံပြပွဲကို သြဂုတ် ၂၀ ရက်မှ ၂၂ နေ့အထိ မန္တလေးမြို့မှာ ပြုလုပ်သွားမယ်။ ဒီပြခန်းမှာဆို  ဓာတ်ပုံဆရာ (၈၀) ကျော်လောက်နဲ့ ပုံ (၂၀၀) ကို ပြသွားမည်အပြင်  ဓာတ်ပုံများ၊ အမှတ်တရ အင်္ကျီများနှင့် ဓာတ်ပုံစာအုပ်များကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြပွဲကနေ ရောင်းချလို့ရတဲ့ဲ့ ပိုက်ဆံတွေအားလုံးရဲ့ ၁၀၀ ရာခိုင်းနှုန်းကို လှူပါတယ်။  ဘာလို့လည်းဆိုတော့ အရင်းတွေ အားလုံးက အလှူရှင်ရဲ့ ပိုက်ဆံတွေမို့ပါ။ ဒါပေမယ့် ရသမျှအမြတ် ပိုက်ဆံအားလုံးကိုတော့ ပုဂံကိုလှူပါတယ်။

 

ယူနက်စကို အမွေအနှစ်ဖြစ်ဖို့ လျှောက်တဲ့အခါ ဘာရိန်းနိုင်ငံကို သွားတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က ၅ ယောက် လိုက်ပါသွားပြီးတော့ လက်ဆောင်ပစ္စည်းပေးတာတွေ၊ ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ အမှတ်တရပစ္စည်းပေးတာတွေနဲ့ ပုဂံကို Promote လုပ်တဲ့အခါ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနကို ကူညီပေးခဲ့တယ်။ အဓိကတော့ ပုဂံကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အမွေအနှစ်တွေတင်မကဘူး။ ကမ္ဘာ့ အမွေအနှစ်ပါ ဖြစ်စေချင်တဲ့အတွက် ကျွန်တော်တို့ ဓာတ်ပုံဆရာတွေက တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပြောကြားသည်။  

 

(အောင်မင်းဟန်)