လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)တွင် ထည့်သွင်းပြုလုပ်မည့် IT နည်းပညာဆိုင်ရာလှုပ်ရှားမှုများ

မန္တလေး ၉ သြဂုတ်

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)တွင် IT နည်းပညာဆိုင်ရာလှုပ်ရှားမှုများကိုလည်း ပါဝင်ပြသသွားမည် ဖြစ်ရာ Cyber Security Awareness ပြကွက်များပြသခြင်း၊ Awareness လက်ကမ်းစာစောင်၊ စာအုပ်များ ဝေငှခြင်း၊ Awareness Animation များကို ပြသခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် Cyber Security Quiz များကိုလည်း ဖြေဆိုနိုင်မည်ဖြစ်ပြီး မေးခွန်း ၁၅ ခုကို  အချိန် ၁၀ မိနစ်ဖြင့် ဖြေဆိုရမည်ဖြစ်ကာ ၁၀ ခုနှင့်အထက် မှန်ကန်ပါက Certificate နဲ့ အမှတ်တရလက်ဆောင်များ ရရှိမည်ဖြစ်ကာ ငါးခုနှင့် ဆယ်ခုကြားမှန်ပါက အမှတ်တရလက်ဆောင်ပစ္စည်းများ ရရှိမည်ဖြစ်သည့်အပြင် ပွဲတော်ကာလ (၃)ရက်အတွင်း အမှတ်အများဆုံး ရရှိသူ(၃)ဦးကိုလည်း Trophy လေးတွေ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတက္ကသိုလ် လေးထပ်ဆောင် မြေညီထပ်တွင် ခင်းကျင်းပြသထားမည့် အဆိုပါ IT နည်းပညာ ဆိုင်ရာလှုပ်ရှားမှုတွင် နည်းပညာအသစ်တစ်ခုအပေါ် မိမိ၏ မှတ်သားနိုင်စွမ်းကို စမ်းသပ်မည့် IT Power Test များ၊ တာဝန်ရှိသူများက နည်းပညာနှင့်ပတ်သက်သည့် ဟောပြောပွဲများကိုလည်း ထည့်သွင်းကျင်းပသွား မည်ဖြစ်ကာ ဟောပြောပွဲအပြီးတွင် မေးခွန်း ၁၀ ခုကို ကွက်လပ်ဖြည့် ဖြေဆိုရမည်ဖြစ်ကာ ၇ ခုနှင့်အထက် မှန်ကန်ပါက Certificate နှင့် လက်ဆောင်များ ရရှိမည်ဖြစ်သည်။

 

ထို့အပြင် လူငယ်များ ဆိုက်ဘာလုံခြုံရေးအကြောင်း ပိုမိုသိရှိနားလည်ရန်နှင့် စိတ်ဝင်စားမှုမြင့်တက်လာစေရန် Real-time World Cyber Attack Map ပြကွက်၊ Project Show (Arduino)နှင့် IT နည်းပညာဆိုင်ရာ စာအုပ်ပြပွဲကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းအပြင် ပွဲတော်အတွင်း ကျောင်းသားလူငယ်များအတွက် လေ့လာသင်ကြားနိုင်တဲ့ Minecraft Education ကို လေ့ကျင့်ပေးသူများနဲ့ မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် တစ်ရက်လျှင် (၂) ကြိမ် လေ့လာသင်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 

MDN