လူငယ်ဘောလုံးပွဲတော်နဲ့ ယူ ၁၄ လူငယ်ဘောလုံးပြိုင်ပွဲများ စစ်တွေမြို့တွင် ကျင်းပ

၂၁   အောက်တိုဘာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ပူးပေါင်းကျင်းပသည့် အဆိုပါ ရခိုင်ပြည်နယ်အဆင့် အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲနှင့်  ရခိုင်ပြည်နယ်အဆင့် လူငယ်ဘောလုံးပွဲတော်ကို အောက်တိုဘာ ၂၀ ရက်က စစ်တွေ့မြို့ရှိ ဝေသာလီကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတက်ရောက် အမှာစကားပြောကြားပေးပြီး တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်းတော၊ သံတွဲ၊ ပေါက်တော်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များမှ လူငယ်(၁၂)သင်းပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကို  အောက်တိုဘာ(၂၉)ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အနာဂတ်မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသည့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားလေးများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ဘောလုံးပွဲတော်များ၊ သက်တမ်းအလိုက်လူငယ် ဘောလုံးပြိုင်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်စပွန်ဆာ MPT နှင့်ပူးပေါင်း၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ ကူညီပံ့ပိုးမှုဖြင့် MFF-MPT Grassroots Football Festival များ၊ MFF-MPT U14 Youth Football Tournamentများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၂၀၁၈ ခုနှစ်မှစတင်၍ ကျင်းပလျက်ရှိသည်။ အဆိုပါ လူငယ်ဘောလုံးပွဲတော်များနှင့် လူငယ်ဘောလုံးပြိုင်ပွဲများကို ယခုနှစ်တွင် မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ရှမ်းပြည်နယ်၊ မကွေး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတို့တွင် ကျင်းပပြီးစီးခဲ့ပြီး ယခု ရခိုင်ပြည်နယ်တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-MFF