လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ အလုပ်ရှင် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနှင့် ILO မှ အရာရှိ ဒေါက်တာ သိန်းသန်းဌေးတို့က ဆွေးနွေးခဲ့ကြသည်။

ILO ကိုယ်စားလှယ်။ ။ ပထမဆုံးတော့ ၂ဝ၁၂  ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ပြန်လည်သုံးသပ်ပြီးမှ ပြင်ဆင်စရာရှိသေးတာတွေကို ပြင်ဆင်ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ အကောင်အထည်ဖော်နေတဲ့ အာမခံစနစ် နှစ်မျိုး၊ သုံးမျိုးပေါ့။ သုံးမျိုးမှာ နှစ်မျိုးကတော့ တကယ်ကို အကောင်အထည်ဖော်နေပြီ။ တစ်မျိုးက မလုပ်ရသေးဘူး။ ကျွန်တော်တို့ အိုင်အယ်လ်အိုက မြန်မာနိုင်ငံအစိုးရ၊ လူမှုဖူလုံရေးအဖွဲ့၊ ဘုတ်အဖွဲ့ကို အကြံပြုထားတာက ခဏလောက်နေပါဦး။ မိသားစု ထောက်ပံ့မှု အာမခံစနစ်ကို ခဏလောက် ရပ်ဆိုင်းထားစေချင်ပါတယ်။ မလုပ်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ ခဏရပ်နားပြီး ဥပဒေမှာပါတဲ့ အချက်တွေကို ပြန်ပြီးသုံးသပ်ဖို့ပါ။ သုံးသပ်ရာမှာ အကျိုးခံစားခွင့်က ဘယ်သူတွေရမလဲ။ ဘယ်လောက် ရမလဲဆိုတာကိုပါ။ ဒါ့အပြင် လက်ရှိအာမခံထားတဲ့ အလုပ်သမားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာ သုံးသပ်ဖို့၊ ခေတ္တရပ်ဆိုင်းဖို့ အကြံပြုထားပါတယ်။ 

ဘာတွေနဲ့ ပြန်အစားထိုးရမလဲဆိုရင် လက်ရှိအနေ အထားမှာ အာမခံစနစ်နှစ်မျိုးရဲ့ အကျိုးခံစားခွင့် ၁၅ မျိုး ရရှိနိုင်ပါတယ်။ ၁၅ မျိုးကို အကြမ်းဖျင်း ခွဲခြားရရင် ကျန်းမာရေး စောင့်ရှောက်မှု၊ ငွေကြေးအကျိုးခံစားခွင့်ပေါ့။ နေမကောင်းတဲ့အချိန် ဆေးခန်းသွားပြလို့ရတယ်။ ဆေးရုံသွားပြလို့ရတယ်။ ဒါပေမယ့် အလုပ် မလုပ်နိုင်တော့လို့ ဆေးရုံသွားပြဖို့ မလိုဘူး။ ဆေးခန်းသွားပြဖို့ မလိုဘူး။ အိမ်မှာနားနေရမယ့် အခြေအနေဆိုရင် ငွေကြေး အကျိုးခံစားခွင့် ရသေးတယ်။ ဒါပေမယ့် အဲဒီလို ရနေတဲ့ ကျန်းမာရေးရော၊ ငွေကြေးအကျိုးခံစားခွင့်ကရော ကျန်းမာရေးဆိုရင် မိသားစုက အားလုံးမပါဘူး။ အာမခံထားတဲ့ အလုပ်သမား ကိုယ်တိုင်က အကျိုးခံစားခွင့်ရတာတွေ များနေတယ်။ နိုင်ငံတကာမှာ အာမခံထားသူ အိမ်ထောင် ဦးစီးတစ်ယောက်ဆိုရင် သူ့ရဲ့အမျိုးသမီး၊ ကလေးတွေ နေမကောင်းတဲ့အခါ ကျန်းမာရေး စောင့် ရှောက်မှုကို ရလေ့ရှိတယ်။ မြန်မာနိုင်ငံရဲ့ ကျင့်သုံးနေတဲ့ ဥပဒေကို ပြန်သုံးသပ်တဲ့အခါ ဒါမျိုးတွေကို ပြန်လည်ထည့်သွင်း စဉ်းစားပေးတယ်ဆိုရင် ဒီမှာရှိတဲ့ အာမခံအလုပ်သမားတွေကို အကျိုးကျေးဇူး များစေမှာဖြစ်တယ်။

ILO က အကြံပြုထား လက်ရှိမှာ အာမခံထားတဲ့ အလုပ်သမား ၁၂ သိန်းခွဲရှိပါတယ်။ သူတို့ရဲ့နောက်မှာ မှီခိုသူ ဘယ်လောက်ရှိမလဲဆိုရင် နှစ်နဲ့မြှောက်တာတောင် အနည်းဆုံး လူဦးရေ နှစ်ဒသမငါးသန်းကို လူမှုဖူလုံရေးက ဥပဒေကို ပြင်ဆင်ပေးလိုက်ရင် အကျိုးခံစားခွင့်က လူ ၁၂ သိန်းခွဲအပြင် နောက်ထပ် ၁၂ သိန်းခွဲ စုစုပေါင်း လူ နှစ် ဒသမ ငါးသန်းလောက် အကျိုးခံစားခွင့် ရသွားမယ်။ ဒါကို အိုင်အယ်လ်အိုကနေ အကြံပြုထားပါတယ်။ တစ်ချိန်တည်းမှာ စဉ်းစားရမှာက နှစ် ဒသမ ငါးသန်းကို အာမခံမှုပေး လိုက်မယ်။ လွှမ်းခြုံပေးလိုက်မယ်ဆိုရင် လူမှုဖူလုံရေး ဘက်မှာရော အဆင်သင့်ဖြစ်ပြီလား။ လူမှုဖူလုံရေး မှာ ဆေးခန်း ၁ဝဝ၊ ရုံးခွဲ ၇၇ ရုံးနဲ့ လွှမ်းခြုံမှုပေးနေတာ မြို့နယ် ၁၁ဝ ရှိတယ်။ လက်ရှိမှာတောင် ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် တော်တော်လေး ရုန်းကန်နေရတယ်။ ဆရာဝန်မလောက်ဘူး။ ဆေးခန်းမလောက်ဘူး။ ရှိတဲ့ဆေးခန်းတွေက လူနာတွေနားမှာမရှိဘူး။ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဝေးတဲ့နေရာတွေမှာ ရှိနေတယ်။ ချက်ချင်း လုပ်လိုက်တဲ့အခါ ပေးထားပြီး မရမှာမျိုး မဖြစ်ရအောင် လူမှုဖူလုံရေးဘက်မှာ ပြင်ဆင်စရာတွေ အများကြီးရှိနေပါတယ်။ ဒါကိုလည်း အိုင်အယ်လ်အိုကနေ တတ်နိုင်တဲ့ဘက်က ကူညီပေးနေပါတယ်။ ဒါက ကျန်းမာရေးစောင့် ရှောက်မှုအပိုင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အာမခံစနစ်ကို ပြန်ပြီး သုံးသပ်တဲ့အခါ ငွေကြေးအကျိုးခံစားခွင့်မှာ မြန်မာနိုင်ငံမှာက တစ်ခုခုဖြစ်လို့ လုပ်ငန်းခွင်မှာ ထိခိုက်သွားရင်၊ လုပ်ငန်းခွင် အသွားအပြန်မှာ ထိခိုက်သွားရင် လူမှုဖူလုံရေး အာမခံစနစ်က တော်တော်လေးကောင်းတယ်။ လုပ်ငန်းခွင်လို့ ပြောလိုက်တယ်ဆိုရင် အလုပ်ရုံ၊ ဒါမှမဟုတ် လုပ်ငန်းခွင်အတွင်း ထိခိုက်ရုံနဲ့မကဘဲ အသွားအပြန်ကိုပါ ပေးသေးတယ်။ ဘာလို့လဲဆိုရင် အလုပ်ရှင်ဟာ ၁ ရာခိုင် နှုန်း၊ အလုပ်သမားကိုယ်စား ထည့်ဝင်ကြေးပေးထားတဲ့အတွက် လူမှုဖူလုံရေးကို အလုပ်ရှင်ရဲ့ တာဝန်ကို လွှဲပြောင်းပေးခြင်းအားဖြင့် အလုပ်ရှင်အကျိုးငှာ လုပ်ငန်းခွင် အသွားအပြန်မှာဖြစ်တဲ့ မတော်တဆမှုတွေကို အကျိုးခံစားခွင့်ပေးနေတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ဝင်ငွေဖူလုံအောင်လုပ်ပေးရ  အဲဒီမှာ တစ်ခုတွေ့တာက နိုင်ငံတကာ စံချိန်စံညွှန်းလို့ပဲ ပြောပြော သူထိခိုက်တဲ့နေရာမှာ အိုင်အယ်လ်အိုမှာက နိုင်ငံတကာ အကုန်လုံးပေါင်းပြီးတော့ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်က ငွေကြေး အကျိုးခံစားခွင့်ပေးတဲ့အခါ ရေရှည်ပေးတဲ့ အကျိုးခံစားခွင့်၊ ကာလရှည်ပေးတဲ့ အကျိုးခံစားခွင့်၊ အလုပ်မလုပ်နိုင်တော့ဘူး ကိုယ်အင်္ဂါတွေ ဆုံးရှုံးသွားရင် ပေးတာတွေရှိတယ်။ အဲဒီလိုမျိုး အခြေအနေဆိုရင် သုံးလကနေ ခြောက်လ နားခွင့်ရမယ်။ တစ်နှစ်နားခွင့်ရမယ်။ နောက်ဆုံး အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် တစ်သက်တာလုံးကို အကျိုးခံစားခွင့်တွေ ပေးတာရှိတယ်။ လစဉ်ပေးတယ်။ အရစ်ကျပေးတယ်။ တစ်လုံးတစ်ခဲတည်း မပေးလိုက်ဘူး။ ဒီနေ့ပိုက်ဆံရလာရင် နောက်နေ့ ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။ လူမှုဖူလုံရေး အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဝင်ငွေဖူလုံအောင် လုပ်ပေးရတာ။ ဘာကြောင့်ပဲဖြစ်ဖြစ် အကျိုးခံစားခွင့် ရရှိချိန်မှာ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဂုဏ်သိက္ခာရှိရှိ လူသားပီပီသသ နေနိုင်ဖို့ ဝင်ငွေဖူလုံရေးကိုပေးတာ။ ဒါကြောင့် တစ်လုံးတစ်ခဲတည်း မပေးသင့်ဘူး။ ဒါတွေကိုလည်း အိုင်အယ်လ်အို၊ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အားလုံးပူးပေါင်းပြီး ပြန်လည်သုံးသပ်သွားဖို့ အကြံပြုချင်ပါတယ်။ အိုင်အယ်လ်အိုအနေနဲ့ လူမှုဖူလုံရေးအဖွဲ့အစည်းတွေသည် ကျွန်တော်တို့ Autonomy လို့ ခေါ်တဲ့ မိမိကိုယ်ကို ရပ်တည်ပြီးမှ စီမံခန့်ခွဲမှုဆိုတာ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အလုပ်သမားတွေကို ဝန်ဆောင်မှုပေးရမှာက လူမှုဖူလုံရေးရဲ့ တာဝန်၊ ဝင်ငွေဖူလုံအောင် လုပ်ပေးရမှာ လူမှုဖူလုံရေးရဲ့ တာဝန်ပါ။ ဒါပေမယ့် လုပ်ပေးချင်စိတ်ရှိပေမယ့် လိုအပ်ချက်တွေရှိတယ်။ ကန့်သတ်ချက်တွေရှိတယ်။ နောက်တစ်ခုက ဘဏ္ဍာငွေကို မသုံးခင် တောင်းရတယ်။ အဖြတ်အတောက်တွေလည်း ရှိတဲ့အခါမှာ ပေးသလောက် မသွားနိုင်ဘူးဖြစ်နေ တယ်။ ချုပ်နှောင်ထားတဲ့အရာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ လူမှုဖူလုံရေး အဖွဲ့အစည်းအနေနဲ့ ပိုပြီး စီမံခန့်ခွဲနိုင်ဖို့၊ နောက်တစ်ခုက လူမှုဖူလုံရေး ရန်ပုံငွေသည် အခြားကလာတာ မဟုတ်ဘူး။ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးတွေနဲ့ တည်ဆောက်ထားတာ။ ဒီအပေါ်မှာ လူမှုဖူလုံရေး အဖွဲ့မှာမှ ဘုတ်အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကနေ စီမံခန့်ခွဲမှု ပိုရှိမယ်ဆိုရင် အကျိုးခံစားခွင့်တွေကို ပိုပြီးမြန်မြန် ပေးအပ်နိုင်မယ်လို့ မြင်ပါတယ်။

နောက်တစ်ခုကလည်း အကျိုးခံစားခွင့်တွေ ပေးအပ်တဲ့အခါ ကျွန်တော်တို့နိုင်ငံမှာ မလုပ်နိုင်သေးဘူး။ လုပ်စေချင်တာက အကျိုးခံစားခွင့်ပေးတဲ့ အခါ Cause of Living လို့ခေါ်တဲ့ နေထိုင်မှုစရိတ်နဲ့ တတ်နိုင်ရင် တတ်နိုင်သလောက် သုံးသပ်ပေးဖို့ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်မှ အကျိုးခံစားခွင့်တွေ ဘယ်လောက် တိုးပေးမလဲဆိုတာမျိုးကို ပုံမှန်ဆောင်ရွက်ပေးသွားဖို့ အိုင်အယ်လ်အိုအနေနဲ့ အကြံပြုချင်ပါတယ်။

ညွှန်ကြားရေးမှူးချုပ်။ ။ ဒီလိုလူမှုဖူလုံရေး စီမံကိန်း ကြီးအောင်မြင်ဖို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဆိုတာ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် ၂ဝ နဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူထားပါ တယ်။ အဲဒီကနေ မူဝါဒတွေကို ချမှတ်ပေးပါတယ်။ လုပ်ငန်း အကောင်အထည် ဖော်တာကတော့ အလုပ်အမှုဆောင်အဖွဲ့က အကောင်အထည်ဖော်ပါတယ်။ အဲဒီမှာ အထောက်အကူ ပြုဖို့အတွက် ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ဆိုတာ ဖွဲ့စည်းထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ်သမားတွေ အငြင်းပွားစရာတွေ ဖြစ်လာတဲ့အခါ ဖြေရှင်းဖို့အတွက် အယူခံခုံရုံးဆိုတာ ဖွဲ့ထားတယ်။ အဲဒီလိုပုံစံတွေနဲ့ သွားတာပါ။

နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နောက်တစ်ခုက ကျွန်တော်တို့က အဓိက ဆွေးနွေးချင်တာက လက်ရှိအကျုံးဝင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိပါတယ်။ အဲဒီမြို့နယ်တွေမှာ လက်ရှိအကျုံးဝင်နေတဲ့ အလုပ်ဌာနပေါင်း ၃၁၁၁၉ ဌာနရှိပါတယ်။ အလုပ်သမားပေါင်း ၁၂၅၄ဝဝဝ ရှိပါတယ်။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ငွေကြေးအကျိုးခံစားခွင့် ပေးနေပါတယ်။ လူမှုဖူလုံရေးက ဒီအတိုင်းသွားနေတာ မဟုတ်ဘူး။ နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အိုင်အယ်လ်အိုနဲ့လည်း နဂိုကတည်းက အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အားလျော်စွာ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်နေပါတယ်။ အိုင်အယ်လ်အို ကွန်ဗင်းရှင်းတွေ၊ အပြည်ပြည်ဆိုင်ရာ ကျင့်သုံးမှုတွေနဲ့ လူမှုဖူလုံရေးဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီအောင်လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ နောက်တစ်ခုက လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ၁၉၅၇ ခုနှစ် အီဆာလို့ခေါ်တဲ့ ကမ္ဘာ့လူမှုဖူလုံရေးအသင်းမှာ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ အရှေ့တောင်အာရှ လူမှုဖူလုံရေး အသင်းမှာလည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ ချိတ်ဆက်ပြီး နည်းပညာပူးပေါင်း ဆောင်ရွက်ခြင်းတို့ သတင်းအချက်အလက် ဖလှယ်ခြင်းကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို ဖြည့်စွက်ပြောကြားလိုပါတယ်။

ILO ကိုယ်စားလှယ် ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံ လူမှုဖူလုံရေးဟာ အပြည်ပြည်ဆိုင်ရာမှာ အဖွဲ့ဝင်ဖြစ်တယ်။ အာဆီယံမှာလည်း အဖွဲ့ဝင်ဖြစ်တယ်။ အိုင်အယ်လ်အိုမှာလည်း Convention 102 က ပြောထားတာ ရှိတယ်။ လူမှုဖူလုံရေးဆိုင်ရာ အခြေခံစံနှုန်းတွေမှာ မြန်မာနိုင်ငံက အခုလက်ရှိ ၂ဝ၁၂ ဥပဒေအရဆိုရင် တော်တော်များများ မီပါတယ်။ မီရုံမကဘူး ကျော်တယ်။ ဥပမာ ငွေကြေးအကျိုးခံစားခွင့် ဥပဒေမှာ ၅ဝ ရာခိုင်နှုန်းပဲ ရရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံ မှာတော့ ၆ဝ ရာခိုင်နှုန်း၊ ၇ဝ ရာခိုင်နှုန်းပြီးရင် နိုင်ငံတကာမှာမရှိတဲ့၊ ထည့်ဝင်ကြေး မပေးတော့တဲ့ ကာလတွေအတွက် အကျိုးခံစားခွင့် မပေးတော့ဘဲ ရပ်ဆိုင်းသွားတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ မဟုတ်ဘူး။ ပင်စင်ယူသွားပြီးလည်းပဲ ၅ဝ ရာခိုင်နှုန်း ဆက်ပေးတာတွေရှိတယ်။ တော်တော်လည်း ကောင်းပါတယ်။ နိုင်ငံတကာစံနှုန်းမြင့် ဥပဒေဖြစ်လာမည်။ ဒါပေမယ့် အဲဒီလိုဟာတွေကို မကိုက်ညီသေးတဲ့ အရာတွေလည်း ရှိနေသေးတယ်။ နည်းနည်း ပြင်ဆင်ပေးလိုက်မယ်ဆိုရင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသည် နိုင်ငံတကာ စံနှုန်းမြင့် ဥပဒေကြီးဖြစ်သွားမယ်။ အဲဒီအခါကျရင်တော့ မြန်မာနိုင်ငံသည်လည်း Convention 102 လက်မှတ်ရေးထိုးဖို့အတွက် အဆင်သင့်ဖြစ်ပြီးသွားမယ့်အပြင် တိုင်းပြည်အတွက် အများကြီးလည်း ပိုအကျိုးရှိသွားပါပြီ။ ။ 

ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး