လူမှုကွန်ရက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြည်မိစေရန် မိဘပြည်သူများအား အသိပေး ထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန် ၁၈

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့အစည်းများ၊ အစွန်းရောက် NLD ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများက လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများ လုပ်ကြံဖန်တီး၍ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများပြုလုပ်လျက်ရှိပြီး ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းနှင့် အခြားသူများ ကျူးလွန်ရန် ထပ်ဆင့်လှုံ့ဆော်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

ထို့အပြင် သတင်းမီဒီယာကျင့်ဝတ်နှင့်မညီသဖြင့် အစိုးရက အရေးယူပိတ်ပင်ထားသော သတင်းမီဒီယာများ သည် ပြည်ပနိုင်ငံများတွင်အခြေစိုက်ပြီး ပြည်တွင်း၌ ဖြစ်စဉ်တစ်ခုဖြစ်သည်နှင့် အတည်ပြုခြင်းမရှိဘဲ ပြည်သူလူထု စိုးရိမ်ထိတ်လန့်စေရန် သတင်းမှားများကို ပုံကြီးချဲ့လုပ်ကြံဖန်တီး၍ ဖြန့်ဝေလျက်ရှိပါသည်။ ထိုသတင်းမှားများကို အချို့ပြည်ပအသံလွှင့်ဌာနများက ထပ်ဆင့်ဖြန့်ဝေလျက်ရှိသောကြောင့် အချို့သော သံတမန်အသိုင်းအဝိုင်းများကလည်း ထိုသို့သတင်းမှားများကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများထံမှ သတင်းအတည်ပြုချက် ရယူခြင်းမရှိဘဲ တစ်ဖက်သတ်ကြေညာချက်များ ထုတ်ပြန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

လူမှုကွန်ရက်ပေါ်တွင်ဖြစ်ပေါ်နေသော သတင်းတု၊ သတင်းမှားများအနက် ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ၌ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအမှားများ ဖြစ်ပေါ်ခဲ့ပါသည်။ ဖြစ်စဉ်အမှန်မှာ ကင်းမ ကျေးရွာရှိ NLD ပါတီထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သူများသည် ကင်းမကျေးရွာရှိ အကြမ်းဖက်မှုကို မထောက်ခံသော ဦးကျော်ဌေးအား ဒလန်ဟုစွပ်စွဲပြီး ဦးကျော်ဌေး၏နေအိမ်အား မီးရှို့ခဲ့ကြရာ အခြား နေအိမ်များသို့ မီးကူးစက်ရာမှတစ်ဆင့် ကျေးရွာရှိလူနေအိမ် ၁၀၀ လုံးခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ကာ မီးလောင်မှု ကြောင့် ပိတ်မိနေသော အသက် ၈၃ နှစ်အရွယ်ရှိ ဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်ရှိ ဒေါ်ထွားစိန်တို့အား တွေ့ရှိကယ်ထုတ်ခဲ့ကာ မီးလွတ်ရာဘုန်းကြီးကျောင်းပေါ်သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

၎င်းဖြစ်စဉ်တွင် ဦးကျော်ဌေး၏နေအိမ်အားမီးရှို့ခဲ့သည့် အကြမ်းဖက်သမားများသည် ၎င်းတို့၏အပြစ်ကို ဖုံးကွယ် လိုသဖြင့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းအချက်အလက်များအား Myanmar Now သတင်းဌာနသို့ ပေးပို့ခဲ့ရာ ၎င်းသတင်းဌာနအနေဖြင့်လည်း အချက်အလက်များအား မှန်ကန်မှု ရှိ/မရှိ သတင်း မီဒီယာကျင့်ဝတ်နှင့်အညီ စိစစ်ခြင်းမရှိဘဲ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အချို့သော အကြမ်းဖက်အားပေးသူများသည် လူမှုကွန်ရက်ပေါ်တွင် ထိုဖြစ်စဉ်အား Tiktok ပေါ်တွင် တင်ထား သည့် အခြားနိုင်ငံတစ်ခု၌ ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ် ဗီဒီယိုဖိုင်တစ်ခုနှင့် တွဲဖက်၍ ဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရပါသည်။

ထိုသို့ လုပ်ကြံဖန်တီးသောသတင်းများကို ဖတ်ရှုရသော သာမန်ပြည်သူလူထုအကြားတွင် အမုန်းတရားများ၊ အကြောက်တရားများ ပွားများလာကာ ထိုမှတစ်ဆင့် နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်၊ ပြည်သူများစိတ်မလုံ မခြုံခံစားလာရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အေးချမ်းစွာနေလိုသော ပြည်သူလူထုအနေဖြင့် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် ထိုသို့သတင်းတု၊ သတင်းမှားများ အား မယုံကြည်မိစေရန်နှင့် လုပ်ကြံဖန်တီးသောသတင်းများအား ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်သွားကြရန် အသိပေးထုတ်ပြန်အပ်ပါသည်။

(သတင်းစဉ်)