လူမှုကွန်ရက်မှ အရောင်းအဝယ်နှင့်စံမမီဆေးဝါးတုပြဿနာ

နေပြည်တော် ၂၀ အောက်တိုဘာ 

 

အင်တာနက်လူမှုကွန်ရက်က မိမိတို့၏ လူမှုအသိုင်းအဝိုင်းမှာ နေရာယူမှုကြီးမားလာပြီဟု ယူဆရသည်။ သာမန်ဆက်သွယ်ဆက်ဆံမှုမှသည် ရောင်းကြ၊ ဝယ်ကြ၊ ငွေစုကြနှင့် ပြဿနာများစွာ ဖြစ်ပေါ်နေကြသည်များကိုလည်း သတင်းစာကြော်ငြာစာမျက်နှာများပေါ်မှာ မကြာခဏဆိုသလိုတွေ့ မြင်နေရသည်။ အွန်လိုင်းပေါ်မှ အရောင်းအဝယ်ပြုကြရာတွင်လည်းလူသုံး အိမ်သုံးကုန်ပစ္စည်းမျိုးစုံ၊ အိမ်ခြံမြေ ကား စသည်တို့မှသည် ဆေးဝါးစားသောက်ကုန်များ စသည်ဖြင့် အမယ်စုံလှသည်ကို တွေ့ရသည်။ ကုန် ပစ္စည်းများ၏ အရည်အသွေးစစ်မှန်မှုနှင့် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းစေမှုတို့အတွက်မှာမူ စစ်ဆေးသိရှိနိုင်ရန် အခွင့်အလမ်းကနည်းလွန်းလှသည်။

 

နာရီ၊ ဖုန်းနှင့် အခြားလူသုံးကုန်ပစ္စည်းများ အရည်အသွေး မမှန်မကန်အတုအပများမှာ သုံးစွဲသူအဖို့ ငွေကြေးကုန်ကျပြီး ဆုံးရှုံးနစ်နာမှုရှိနိုင်သော်လည်း ဆေးဝါးအတု၊ အရည်အသွေးပြည့်မီခြင်းမရှိသော ဆေးဝါးတို့ကို ဝယ်ယူသုံးစွဲမိလျှင်မူ ကျန်းမာရေးအန္တရာယ်မှသည် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ကြောင်း ဆေးဝါးပညာရှင်များက သတိပေးထားကြသည်။ အွန်လိုင်းပေါ် မှ ဆေးဝါးများဟု ဆိုရာတွင် ပိန်ဆေးနှင့် ကျား-မသဘာဝဆိုင်ရာ ဆေးဝါးများနှင့် အခြားဆေးဝါးများဖြစ်ပြီး အနောက်တိုင်းဆေးဝါးပုံစံဖြင့်ရော တိုင်းရင်းဆေးပုံစံဖြင့်ပါ ရောင်းချနေကြသည်ကိုတွေ့ရသည်။

 

အရည်အသွေးစံမမီ ဆေးဝါးများနှင့် ဆေးဝါးအတုများကို သုံးစွဲမိပါက စံမမီဆေးဝါး၊ အရည်အသွေး အပြည့်အဝမပါရှိသော ဆေးဝါးကြောင့်ကုသရာတွင် မထိရောက်နိုင်တော့ဘဲ ရောဂါပိုမိုဆိုးရွားလာခြင်း၊ ဆေးယဉ်ပါးမှုပြဿနာ များပြားလာခြင်း၊ ဆေးမတိုးတော့ဘဲ ကုသရာတွင်ခက်ခဲလာခြင်း၊ ဆေးဝါးအတုများကြောင့် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ပေါ်စေနိုင်သည်။ တန်ဖိုးကြီးဆေးဝါးမျိုးဆိုပါက အတုကိုဝယ်ယူသုံးစွဲမိသည့်အတွက် ငွေကြေးအရ ဆုံးရှုံးရသည့်အဖြစ်မျိုးနှင့်ပါ ကြုံတွေ့ရဦးမည်ဖြစ်သည်။ ဆေးဝါးအတုများကို ထုတ်လုပ်သူများက ခဲ၊ ပြဒါး၊ စိန်၊ အလူမီနမ်၊ ကက်ဒမီယမ် စသည့် အပြင်းစား သတ္တုဓာတ်များ၊အဆိပ်သင့်စေသော ဓာတ်များ၊ အုတ်နီခဲမှုန့်၊ အိမ်သုတ်ဆေး၊ကြမ်းတိုက် ဖယောင်းအပါအဝင် မိမိတို့စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော အရာများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အချို့တိုင်းရင်းဆေးများကိုလည်း သဘာဝသစ်ပင်အမြစ်၊ အခေါက်၊ အရွက်၊ အပွင့်၊ အသီးတို့မှ ထုတ်လုပ်ထားကြောင်း ကြော်ငြာဖော်ပြကြသော်လည်း အနောက်တိုင်း  ဆေးများထည့်သွင်းဖော်စပ်ထားခြင်းကြောင့် အချို့လူနာများအတွက် ဓာတ်မတည့်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည်။ဆေးဝါးအတု၊ စံမညီဆေးဝါးများ၊ အာနိသင်ကင်းမဲ့သော ဆေးဝါးများကို ကမ္ဘာတစ်ခွင် ထုတ်လုပ်ရောင်းချမှုများမှာ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံများစွာ အရောင်းအဝယ်ပြုလုပ်နေကြပြီး ၎င်း၏ အကျိုးဆက်အနေဖြင့် လူနာများ သန်းနှင့်ချီ၍ သေဆုံးကြရသည်ဟု သတင်းများတွင်တွေ့ရှိရသည်။

 

စင်စစ်အားဖြင့် ဆေးဝါးအတုထုတ်လုပ်ရောင်းချခြင်းသည် ရာဇဝတ်မှုပင်ဖြစ်သည်။ ဆေးဝါးအတု ထုတ်လုပ်ရောင်းချသူများက အွန်လိုင်းမှတင်သွင်းဖြန့်ဖြူးမှု ပြုလုပ်ကြခြင်းဖြစ်ရာ လူမှုကွန်ရက်များတွင် ကြော်ငြာရောင်းချသည့် ဆေးဝါးများအပေါ် ရာနှုန်းပြည့် ယုံကြည်လက်ခံခြင်းထက် အထူးသတိထား စိစစ်ရွေးချယ်နိုင်ရန် လိုမည်ဖြစ်သည်။အထူးသဖြင့် အွန်လိုင်းမှ ဆေးဝါးဝယ်ယူမှုမျိုးကို ရှောင်ရှားပြီး FDA စစ်ဆေးပြီးဖြစ်သည့် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိသောဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းဖြင့်သာ အန္တရာယ်ကင်း၍ အာနိသင်ထက်မြက်သော အစစ်အမှန်ဆေးဝါးများကို စိတ်ချလက်ချ သုံးစွဲနိုင်ကြမည်ဟု အသိပေးလိုပါကြောင်း။ ။

 

မြန်မာ့အလင်း