လူမှုစီးပွားအဆင်ပြေစေရေး ဝိုင်းဝန်းကူညီ

ဇူလိုင်လ ၂၉ 

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် မရှိမဖြစ် လိုအပ်သောအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အထူးသဖြင့် မြို့ပြ များ၌ လူမှုဘဝနေထိုင်မှုနှင့် လုပ်ငန်းကိုင်ငန်းအကျိုးစီးပွားများအတွက် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အရေးကြီးရာ ယင်းကို နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူလူထုနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်အား ထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသော ဓာတ်အားများအား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း၌ လျှပ်စစ် ဓာတ်အားလုံလောက်အောင်  အစွမ်းကုန်ကြိုးပမ်း  ဖြန့်ဝေပေးလျက်ရှိသဖြင့် ပြည်သူများ အဆင်ပြေနေချိန်တွင် ယခုရက်ပိုင်း၌ လျှပ်စစ်ဓာတ်အား ပုံမှန်မပေးဝေ နိုင်သောကြောင့် ပြည်သူများ လူမှုစီးပွားဘဝ၌ အခက်အခဲများ ဖြစ်နေကြသည်ကို မြင်တွေ့ကြားသိနေရသည်။ 

ဤသို့   လျှပ်စစ်ဓာတ်အားမလုံလောက်မှု   ဖြစ်ရသည့်အကြောင်းရင်းမှာ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လွှတ်နိုင်မှု မဂ္ဂါဝပ် ၄၂၀၀ ခန့်ရှိသော် လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုမဂ္ဂါဝပ် ၇၅၀ ခန့်မှာ ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက် ရှိသည့် ဓာတ်အားလိုင်း နှစ်လိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းတို့ကြောင့် ပြည်သူများအား နေ့စဉ်ပေးဝေနေသည့်  လျှပ်စစ်ဓာတ်အားများ မလုံလောက်မှုဖြစ်လာခဲ့သည်။ 

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ယခုဇူလိုင်လ ၂၁ ရက်နေ့ တွင် ဇောတိကဓာတ်ငွေ့ ပိုက်လိုင်းကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းမှဓာတ်ငွေ့များကို ရယူသုံးစွဲလျက်ရှိသည့် ဓာတ်အားပေးစက်ရုံ  များမှထုတ်လုပ်သည့် ဓာတ်ငွေ့ပမာဏ မဂ္ဂါဝပ် ၂၀၀ ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်း  ဓာတ်အားစနစ်အတွင်းရှိ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများကိုဖြုတ်ယူ၍ တာဝါတိုင်ပြိုလဲအောင် ဖျက်ဆီးခဲ့သဖြင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝန်အားသုံးစွဲမှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုအခြေအနေအရ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှု  လျော့နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

ထိုသို့ဖြစ်ပေါ်နေစဉ်  ဇူလိုင်လ ၂၆ ရက်နေ့က  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုများကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် ဓာတ်အား လိုင်းမှာလည်း   ထပ်မံဓာတ်အားပြတ်တောက်ခဲ့သဖြင့်  ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လွှတ်မှု စုစုပေါင်း မဂ္ဂါဝပ် ၁၁၂၀ ခန့် လျော့နည်းလျက်ရှိရာ ဓာတ်အားစနစ် တည်ငြိမ်မှုလျော့ကျပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ထပ်မံဖြစ်ပေါ်လာရသည်။ ထိုသို့သောအခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူ များ၏ လူမှုစီးပွားဘဝများ အခက်အခဲဖြစ်ပေါ်လာခဲ့သည်။ 

ပြည်သူများအား ဓာတ်အားဖြန့်ဝေပေးမှုကို အမြန်ဆုံးအဆင်ပြေနိုင်အောင် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့သော အခြေအနေကို ပြည်သူများကြား၌ နားလည်သဘောပေါက်သောသူများရှိသကဲ့သို့ ဖြစ်စဉ်အမှန်ကို မသိမြင်ဘဲ နိုင်ငံတော်အစိုးရအား အမျိုးမျိုးပြစ်တင်ဝေဖန်နေကြ သူများလည်း ရှိပါသည်။ အမှန်တကယ်တွင် ယခုအချိန်ကာလ မိုးရာသီ၌ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ဆည်ရေရရှိမှုများပြားလာသောကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသည့်    ပြည်သူများအဆင်ပြေစေရန်အတွက်   ထိန်းညှိ မောင်းနှင်ပေးလျက်ရှိသော်လည်း PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက  ပြည်သူများ လူမှုဘဝအကျိုးစီးပွားကိုမငဲ့ညှာဘဲ လျှပ်စစ်ဓာတ်အားပေးရေးစနစ်ကို တမင်ရည်ရွယ်ဖျက်ဆီးနေမှုများအား အထင်အရှားမြင်တွေ့ကြရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်အဖျက်သမားများ၏ နိုင်ငံနှင့်ပြည်သူလူထု ဘဝကို မငဲ့ညှာမထောက်ထားဘဲ ဖျက်ဆီးလုပ်ဆောင်နေမှုများကို အမှန်ကို အမှန် အတိုင်း သိမြင်နားလည်ပြီး အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှု များကြားမှ  ပြည်သူများ၏  လူမှုအကျိုးစီးပွားအတွက်   အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် ဆိုင်ရာဆိုင်ရာအဖွဲ့အစည်းများ၏  ကြိုးပမ်းအားထုတ်နေမှု ကို အသိအမှတ်ပြုပြီး တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှဝိုင်းဝန်းကူညီ ပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုးကို နှောင့်ယှက် ဖျက်ဆီးနေသော  အကြမ်းဖက်သမားများအား  တိုက်ဖျက်ရေးတွင်  ပြည်သူလူထု အနေဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး  နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြော အောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။              ။

ကြေးမုံ