လူမှန် နေရာမှန်၊ နည်းမှန်လမ်းမှန်

သိုက်စိုးထွန်း(နတ်ရွာ)

 

မကြာခင်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ရွေးတော့မှာပါ။ ဟိုအရင်က စိတ်မဝင်စားခဲ့ရင်ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားခဲ့ရင်ပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ဒီကိစ္စကို စိတ်ဝင်စားစေချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ နယ်မြေတစ်ခုအတွက် အုပ်ချုပ်ရေးမှူးက တကယ်အရေးပါပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့လိုပါတယ်။ လူမှန် နေရာမှန် ဖြစ်နေရုံနဲ့လည်း မရသေးပါဘူး၊ နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်နိုင်ဖို့လည်း လိုပါသေးတယ်။

 

အုပ်ချုပ်ရေးမှူး ရွေးတာများ အရင်လိုပဲ မဲပေးလိုက်ရင်ရပြီ မဟုတ်ဘူးလားလို့ ပြောချင်ပြောပါလိမ့်မယ်။ မကြာသေးခင်ကမှ ပြင်လိုက်တဲ့ နည်းဥပဒေအရ အရင့်အရင် ရွေးကောက်ပွဲတွေနဲ့မတူတဲ့ အချက်လေးတွေ ရှိလာမှာပါ။

 

ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်း

 

ပထမဆုံးလုပ်ရမှာကတော့ ကြီးကြပ်ရေးအဖွဲ့ရွေးတဲ့ ကိစ္စပါ။ ကြီးကြပ်ရေးအဖွဲ့ ရွေးဖို့အတွက် လက်ရှိအုပ်ချုပ်ရေးမှူးက တစ်အိမ်တစ်ယောက်ဖိတ်မှာပါ။ တစ်ပတ်ကြိုဖိတ်ပါလိမ့်မယ်။ ဒီနေရာမှာ အိမ်ထောင်စုဆိုတဲ့ စကားရပ်က လဝကရဲ့ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/ ၆ ကို ဆိုလိုတာပါ။ ပြင်လိုက်တဲ့ နည်းဥပဒေအရ ရပ်/ကျေး ရွေးကောက်ပွဲအတွက် တစ်အိမ်တစ်ယောက်လာတဲ့ ကိုယ်စားလှယ်က အရင်လို အားတဲ့လူ လာလို့မရတော့ပါဘူး။ ရွေးကောက်ပွဲလုပ်ငန်းစဉ် အစကနေ အဆုံးအထိ တစ်ယောက်တည်းကိုပဲ သတ်သတ်မှတ်မှတ် ရွေးထားပြီး အမည်စာရင်းပေးထားရမှာပါ။ အမည်စာရင်းကို သက်ဆိုင်ရာက မှတ်တမ်းတင်ထားမှာပါ။

 

ကြီးကြပ်ရေးအဖွဲ့ ရွေးတုန်းမှာ မလာခဲ့ရင် မလာတဲ့အိမ်က ကန့်ကွက်ခွင့်မရှိပါဘူး။ ကြီးကြပ်ရေး အဖွဲ့ဝင်အတွက် အရည်အချင်းသတ်မှတ်ချက် ရှိလာပါပြီ။ ဒါကတော့ သက်ဆိုင်ရာနယ်မြေမှာ တစ်ဆက်တည်း ငါးနှစ်အနည်းဆုံး နေထိုင်သူဖြစ်ပြီး အများကြည်ညိုလေးစားတဲ့ ရပ်မိရပ်ဖ ဖြစ်ရမယ်ဆိုတဲ့အချက်ပါ။ ကျန်တဲ့အချက်က ငြင်းလို့ရပေမယ့် ငါးနှစ်ကိစ္စက ငြင်းချက်မထုတ် နိုင်တဲ့ကိစ္စပါ။ ကြီးကြပ်ရေးမှူးလုပ်မယ့်သူများနေရင် တက်ရောက်လာသူတွေရဲ့ ဆန္ဒကို မဲခွဲဆုံးဖြတ်မှာပါ။

 

ကျေးရွာခွဲ ငါးရွာရှိရင် ငါးယောက်ပေါ့။ ငါးရွာမဟုတ်လို့ သုံးလေးရွာဆိုရင်လည်း တတ်နိုင်သမျှ အချိုးကျပါအောင် ရွေးကြမှာပါ။ ပြီးရင် သူတို့ထဲကတစ်ယောက်ကို အချင်းချင်းရဲ့ဆန္ဒနဲ့ အဖွဲ့ခေါင်းဆောင် ရွေးပါမယ်။ ခေါင်းဆောင်ရွေးရာမှာ ကိုယ့်ကိုယ်ကိုယ် မဲပေးခွင့် မရှိပါဘူး။

 

ဒီနေရာမှာ ထူးခြားချက်တစ်ခု ရှိပြန်ပါတယ်။ အုပ်ချုပ်ရေးမှူးရွေးပြီးရင် ကြီးကြပ်ရေးအဖွဲ့ရဲ့ သက်တမ်း ကုန်သွားပါပြီ။ နောက်ထပ်အုပ်ချုပ်ရေးမှူးတို့၊ ရာအိမ်မှူးတို့၊ ဆယ်အိမ်မှူးတို့ လစ်လပ်တာနဲ့ ကြီးကြပ်ရေးအဖွဲ့သစ် ပြန်ဖွဲ့ရမှာပါ။ ဒီနေရာမှာလည်း လစ်လပ်တာက ဆယ်အိမ်မှူးတစ်ယောက်၊ ကြီးကြပ်ရေးအဖွဲ့သစ်ဖွဲ့တော့ ကျေးရွာအုပ်စုတစ်အုပ်စုလုံးက အိမ်ထောင်စုကိုယ်စားလှယ်တွေ ပြန်စုပြီး ပြန်ဖွဲ့ကြရမလားဆိုတာ ထပ်စဉ်းစားစရာပါပဲ။ ဒါဆိုရင်တော့ ဆယ်အိမ်မှူးတစ်ယောက် ထွက်သွားတိုင်း အားလုံးအလုပ်များကုန်တော့မှာပါ။ ဒီတော့ သက်တမ်းပြည့် တာဝန်ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ် မထားဘူးဆိုရင် အစကတည်းက ဒီတာဝန်ကိုငြင်းဖို့ တိုက်တွန်းကြရမှာပါ။ ဒီလိုမှမဟုတ်ရင် ခဏခဏ အလုပ်များကုန်ကြမှာမို့ပါ။

 

ဆယ်အိမ်စု၊ ရာအိမ်စုအဖြစ် ဖွဲ့စည်း

 

ကြီးကြပ်ရေးအဖွဲ့ ရွေးပြီးရင် သူတို့က ဆယ်အိမ်စု၊ ရာအိမ်စုတွေ ဖွဲ့ပါမယ်။ စုဖွဲ့တဲ့လုပ်ငန်းက အရေးကြီးပါတယ်။ အများအားဖြင့် ကိုယ်ဖြစ်စေချင်တဲ့သူ၊ ဒါမှမဟုတ် ကိုယ်မဖြစ်စေချင်တဲ့သူရဲ့ ဆယ်အိမ်စုကနေ စဖွဲ့ကြတာပါ။ ဖြစ်စေချင်တဲ့သူကို သူ့ရဲ့ မဟာမိတ်တွေနဲ့တွဲပြီး စုဖွဲ့ပေးလိုက်တယ်။ မဖြစ်စေချင်တဲ့သူကို သူနဲ့မတည့်တဲ့ နှစ်အိမ်သုံးအိမ်လောက်ပါအောင် တွဲပြီးဖွဲ့ပေးလိုက်တယ်။ ဆယ်အိမ်မှူးမှ ဖြစ်မလာရင် ရာအိမ်မှူးတို့၊ အုပ်ချုပ်ရေးမှူးတို့ ဖြစ်လာစရာအကြောင်း မရှိတော့ဘူးလေ။ ဒီနည်းက ကြီးကြပ်ရေးအဖွဲ့အချို့ သုံးတဲ့နည်းပါ။ ပစ်မှတ်ထားတဲ့ ဆယ်အိမ်စုကိုဖွဲ့ပြီးမှ ကျန်တာတွေကို နောက်ဆုတ် နောက်ဆုတ်ဖွဲ့လာလိုက်တာ။ အများအားဖြင့် အိမ်တွေက လေးကွက်ကျား ရိုက်ထားတာ မဟုတ်တော့ဘယ်လိုဖွဲ့ဖွဲ့ အဆင်ပြေနေတတ်တာပါ။ အခုနည်းဥပဒေသစ်မှာတော့ ဒီလိုလုပ်တာကို တတ်နိုင်သမျှ ကာကွယ်တဲ့အနေနဲ့ဆယ်အိမ်စုဖွဲ့ရင် ဝဲမှယာ တစ်ဆက်တစ်စပ်တည်း အစဉ်လိုက် ဖွဲ့ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ရာအိမ်စုလည်း ထိုနည်းလည်းကောင်းပေါ့။ ဆယ်အိမ်စု၊ ရာအိမ်စု တွေဖွဲ့ထားတဲ့ အခြေအနေကိုလည်း ရပ်ရွာထဲမှာ ကြေညာထားမှာပါ။ ။

 

ဖွဲ့ပြီးလို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး တွေရွေးမယ့်အချိန်ကို တစ်ပတ်လောက် ကြိုတင်ကြေညာပြီးရင် ရွေးချယ်ရေး လုပ်ငန်းစဉ်တွေအကြောင်းကို အိမ်ထောင်စု ကိုယ်စားလှယ်တွေဖိတ်ပြီး ကြီးကြပ်ရေးအဖွဲ့က ရှင်းလင်းပြောပြမှာပါ။ ပြီးရင် မဲပေးရွေးကြမယ်ပေါ့။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကတော့ ရှင်းပါတယ်။ ဆယ်အိမ်မှူးကို သူ့သက်ဆိုင်ရာ ဆယ်အိမ်ရဲ့ အိမ်ထောင်စု ကိုယ်စားလှယ်တွေက မဲပေးပြီး ရွေးပါတယ်။ ရာအိမ်မှူးလည်း ထိုနည်းလည်းကောင်း၊ အုပ်ချုပ်ရေးမှူးလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျေးရွာတာဝန်ခံကျတော့ နည်းနည်းထူးပါတယ်။ သက်ဆိုင်ရာဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကပဲ အချင်းချင်းရွေးတာပါ။ အိမ်ထောင်စု ကိုယ်စားလှယ်တွေရဲ့ မဲမပါတော့ပါဘူး။ တစ်ခါတလေ ရာအိမ်မှူးက ရွာတာဝန်ခံမဖြစ်ဘဲ ဆယ်အိမ်မှူးက တာဝန်ခံဖြစ်ချင် ဖြစ်လာတတ်ပါတယ်။ ။

 

ပြီးခဲ့တဲ့အကြိမ်တုန်းက ကျေးရွာတာဝန်ခံကို တစ်ရွာတစ်အုပ်စုတွေမှာရော အုပ်ချုပ်ရေးမှူး ရှိနေတဲ့ရွာတွေမှာပါ ရွေးတဲ့မြို့နယ်တွေ တွေ့ရပါတယ်။ အခုတစ်ခါ ဒီလိုထပ်မမှားသင့်ပါဘူး။ ဒီလိုမှားနေတာကလည်း နည်းဥပဒေရဲ့ ရှေ့နောက် အစီအစဉ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အုပ်ချုပ်ရေးမှူး ရွေးပြီးချိန်ကျမှ ရွာတာဝန်ခံကို ရွေးသင့်တာပါ။ ဒီလိုမဟုတ်ဘဲ ရွာတာဝန်ခံကို အရင်ရွေးပြီး အများပြည်သူကို ကြေညာရမယ်ဆိုတော့ ဘယ်ရွာက အုပ်ချုပ်ရေးမှူးဖြစ်မယ်ဆိုတာ ကြိုမသိနိုင်သေးတဲ့အတွက် အဆီအငေါ်မတည့် ဖြစ်ကုန်နိုင်ပါတယ်။ တစ်ရွာတည်းမှာ အုပ်ချုပ်ရေးမှူးရော၊ ရွာတာဝန်ခံရော ရှိမနေသင့်ပါဘူး။

 

အုပ်ချုပ်ရေးမှူးအဖြစ် မဲပေးကြခြင်း

 

အုပ်ချုပ်ရေးမှူး ရွေးမယ့်အချိန်ကို ရောက်ပါပြီ။ နည်းဥပဒေသစ်မှာ အရင်နဲ့ကွာသွားတဲ့အချက်က ရာအိမ်မှူးတွေအနေနဲ့ ကိုယ်တိုင်ဖြစ်ဖြစ်၊ စာနဲ့ရေးပြီးတော့ဖြစ်ဖြစ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း မပြောရင် အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်းကနေ ချန်လှပ်ထားမှာပါ။ ဒီအချက်ကို ကြိုသိထားဖို့ လိုပါတယ်။ ။

 

ရာအိမ်မှူးတစ်ယောက်ပဲရှိတဲ့ အုပ်စုပဲဖြစ်ဖြစ်၊ ရာအိမ်မှူးအများကြီးရှိပေမယ့် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်လိုတဲ့သူ တစ်ယောက်ပဲရှိရင်ပဲဖြစ်ဖြစ် မဲဆက်ပေးစရာ မလိုတော့ပါဘူး။ သူ့ကိုပဲ အုပ်ချုပ်ရေးမှူးခန့်ပေးဖို့ မြို့နယ်ကိုတင်ရမှာပါ။ တကယ်လို့ ဆန္ဒပြုသူ၊ တစ်ယောက်ထက်ပိုနေရင်တော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ရွေးမယ်ဆိုတာကို တစ်ပတ်လောက် ကြိုကြေညာပြီး သတ်မှတ် အစီအစဉ်အတိုင်း အိမ်ထောင်စု ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးပြီး ရွေးကြမှာပါ။

 

ဒီနေရာမှာ ထပ်ပြီးသတိပေးလိုတာကတော့ မဲပေးမယ့် အိမ်ထောင်စုကိုယ်စားလှယ် ပြောင်းလို့မရတဲ့ကိစ္စပါ။ ဆယ်အိမ်မှူးရွေးတော့ ဒီလူက မဲပေး၊ ရာအိမ်မှူးကျတော့ ဒီလူမအားလို့ နောက်တစ်ယောက်လာ၊ ဒီလိုမရပါဘူး။ ဒါက လက်ရှိနည်းဥပဒေအရပါ။ မဲပေးပြီးရင် ဘယ်သူက ဘယ်နှမဲ ရတယ်ဆိုတာကို အများသိအောင်ကပ်ပြီး ကြေညာမှာပါ။ အများဆုံးနှစ်ယောက်က မဲတူနေရင် နောက်တစ်ကြိမ်ထပ်ပြီး မဲပေးရမှာပါ။ ရွေးချယ်ရေးမှာ အခက်အခဲတွေ၊ ပြဿနာတွေ များလွန်းနေရင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့၊ နေပြည်တော်ကောင်စီတို့ကို တင်ပြပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်မှာပါ။ ။

 

မဲအများဆုံးရတဲ့သူကို အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ပေးဖို့ ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြမှာပါ။ မဲများနေပေမယ့် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မပြည့်စုံရင် အုပ်ချုပ်ရေးမှူးအဖြစ် မခန့်ပါဘူး။ အရည်အချင်းပြည့်စုံသူကို အစကနေ ပြန်ရွေးရမှာပါ။

 

အရည်အချင်းတွေကတော့ (၁) နိုင်ငံသား မိဘနှစ်ပါးက မွေးတဲ့ နိုင်ငံသား ဖြစ်ရမယ်၊ (၂) အသက် ၂၅ နှစ်ပြည့်ရမယ်။ (၃) သက်ဆိုင်ရာရပ်ရွာမှာ အနည်းဆုံး ၅ နှစ် တစ်ဆက်တည်း နေခဲ့တဲ့အပြင် တာဝန်ထမ်းဆောင်မယ့်ကာလမှာလည်း ဒီရပ်ရွာမှာပဲနေမယ့်သူဖြစ်ရမယ် (ဒေသခံဝန်ထမ်း အငြိမ်းစားဆိုရင်တော့ တစ်ဆက်တည်း ၂ နှစ်နေခဲ့ရင်လည်း စဉ်းစားပေးလို့ ရပါတယ်။)၊ (၄) ရပ်ရွာက ကြည်ညို လေးစားပြီး သိက္ခာသမာဓိရှိသူ ဖြစ်ရမယ်၊ (၅) ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမယ်၊ (၆) နိုင်ငံတော်နဲ့ ရပ်ရွာဒေသအကျိုးကို စေတနာထက်သန်စွာနဲ့ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိသူ ဖြစ်ရမယ်၊ (၇) အတူနေ မိသားစုဝင်တွေလည်း အကျင့်စာရိတ္တကောင်းရမယ်၊ (၈) နိုင်ငံ့ဝန်ထမ်း မဟုတ်ရဘူး၊ (၉) လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်ရဘူး၊ မတရားအသင်းတွေမှာ ပါဝင်သူ၊ ဆက်သွယ် သူမဟုတ်ရပါဘူး။ ဒီ ၉ ချက်ပါပဲ။ တင်ပေးလိုက်တဲ့သူက အရည်အချင်းမပြည့်စုံလို့ အုပ်ချုပ်ရေးမှူးအဖြစ် မခန့်နိုင်ကြောင်း၊ ပြန်ရွေးပေးဖို့ အကြောင်းကြားတဲ့အခါ ကြီးကြပ်ရေးအဖွဲ့ဝင်တွေက ပြန်မရွေးနိုင်ကြောင်း ငြင်းနေရင် ကြီးကြပ်ရေးအဖွဲ့ကိုပါ ပြန်ရွေးရမှာပါ။

 

ပိုကောင်းမွန်လာသော နည်းဥပဒေအသစ်

 

နည်းဥပဒေသစ်မှာ နောက်ထပ်ထူးခြားချက်လေးတွေလည်းရှိပါတယ်။ အရင်တုန်းကတော့ အုပ်ချုပ်ရေးမှူးကိုပဲ အပြစ်ရှိရင် စုံစမ်းစစ်ဆေးပြီး နုတ်ထွက်ခွင့်ပြုတာတို့၊ တာဝန်က ရပ်စဲတာတို့ လုပ်လို့ရတာပါ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ၊ ရွာတာဝန်ခံတွေအတွက် ပြဋ္ဌာန်းချက် လိုနေခဲ့ပါတယ်။ အခုတော့ ပါလာပါပြီ။ အုပ်ချုပ်ရေးမှူးက နည်းလမ်းတကျ တာဝန်ပေးတာကို ငြင်းပယ်တာတို့၊ တာဝန်ပျက်ကွက်တာတို့လုပ်ရင် လုပ်တဲ့ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရွာတာဝန်ခံကို စုံစမ်းစစ်ဆေးပြီး နုတ်ထွက်ခွင့် ပြုတာတို့၊ တာဝန်ကရပ်စဲတာတို့ လုပ်လို့ရတဲ့အကြောင်း နည်းဥပဒေပြင်ဆင်ချက်မှာ ပါလာပါပြီ။ ဒါက ကောင်းတဲ့ အချက်ပါ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး စသည်အားဖြင့် တချို့ရပ်ရွာတွေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး တက်လာကြတာမို့ တကယ်အလုပ်လုပ်ရမယ့် အချိန်ကျတော့ ကိုယ့်ပြိုင်ဘက်က အုပ်ချုပ်ရေးမှူးဖြစ်သွား တဲ့အခါ ကိုယ့်ပြိုင်ဘက်ရဲ့ ဩဇာကိုမခံလိုဘဲ သပိတ်မှောက်နေတာတွေ အများကြီး ရှိပါတယ်။ ဒီအနေအထားအတွက် လိုအပ်တဲ့ပြင်ဆင်ချက်ကို ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

 

လက်ရှိနည်းဥပဒေက အရင်နည်းဥပဒေထက်စာရင်တော့ အတော်ကို ကောင်းမွန်လာပြီလို့ ဆိုရမှာပါ။ လိုအပ်ချက်ဆိုတာကတော့ ရှိနေဦးမှာပါပဲ။ ဥပမာအားဖြင့် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/ ၆ ရှိတဲ့အိမ်ကပဲ မဲပေးခွင့် ရှိတယ်ဆိုရင် အိမ်ထောင်စုမခွဲရသေးတဲ့ အိမ်ထောင်ခွဲ မိသားစုတွေအတွက် မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးသွား နိုင်ပါတယ်။ သူ့ထက်မြင့်တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှာတောင် မဲပေးခွင့်ရပြီး ရပ်/ကျေး ရွေးပွဲကျမှ မဲပေးခွင့်ဆုံးရှုံးတယ်ဆိုပြီး ကန့်ကွက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရွေးချယ်ရေးလုပ်ငန်းစဉ် အစအဆုံးမှာ အိမ်ထောင်စု ကိုယ်စားလှယ် တစ်ဦးတည်းကိုပဲ အမည်စာရင်းပေးထားပြီး သူကပဲ အဆင့်ဆင့်လာရောက် ဆောင်ရွက်ရမယ့်အချက်ပါ။ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ကျန်းမာရေး ကိစ္စကြောင့်ပဲဖြစ်ဖြစ် မလာရောက်နိုင်တာတွေ ရှိနိုင်ပါတယ်။ ဒီအချိန်ကျရင် သူ့အိမ်ထောင်စုကို မဲပေးခွင့်မပြုဘဲ ထားလိုက်မလား၊ ဒါမှမဟုတ် အမျိုးသား မအားရင် အမျိုးသမီး၊ အဖေ မအားရင် သား၊ တစ်ယောက်ယောက်ကို အိမ်ထောင်ဦးစီးရဲ့ ကိုယ်စားလှယ်လွှဲစာနဲ့ မဲပေးခွင့်ပြုမလားဆိုတာကို ဆက်စဉ်းစားစရာ ရှိနေပါတယ်။ ဒီကိစ္စအတွက်ကတော့ လိုအပ်တဲ့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။

 

လူမှန် နေရာမှန် ဖြစ်ကြဖို့

 

ကျေးရွာတာဝန်ခံ ရွေးပြီးမှ အုပ်ချုပ်ရေးမှူး ရွေးတဲ့ လုပ်ငန်းစဉ်ကလည်း ရှေ့နောက်လွဲနေသလို ဖြစ်နေပါတယ်။ အုပ်ချုပ်ရေးမှူး ရွေးပြီးချိန်မှသာ ဘယ်ရွာက ဘယ်သူအုပ်ချုပ်ရေးမှူး ဖြစ်လာတယ်ဆိုတာ သိရပြီး သူ့ရွာမဟုတ်တဲ့ တခြားရွာတွေမှာသာ ရွာတာဝန်ခံ ရွေးမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ပြီးတော့ ရွာတာဝန်ခံကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေထဲကရွေးတာထက် ရာအိမ်မှူးမရှိတဲ့ အိမ်နှစ်ဆယ်၊ သုံးဆယ်ရွာလေးတွေမှာသာ ဆယ်အိမ်မှူးတွေထဲက တစ်ယောက်ယောက်ကို ရွာတာဝန်ခံအဖြစ် ရွေးပြီး ရာအိမ်မှူးတစ်ယောက်ပဲရှိရင် သူ့ကိုပဲ ရွာတာဝန်ခံအဖြစ်ထားတာမျိုး၊ နှစ်ယောက် သုံးယောက်ရှိရင် အဲဒီရာအိမ်မှူးတွေထဲက တစ်ယောက် ကိုပဲ အများဆန္ဒနဲ့ ကျေးရွာတာဝန်ခံအဖြစ် ရွေးတာမျိုးက ပိုပြီး သင့်လျော်လိမ့်မယ်လို့ ယူဆပါတယ်။ ရာအိမ်မှူး ဆိုတာက အိမ်တစ်ရာ၊ လူတစ်ရာရဲ့ဆန္ဒနဲ့ ရာအိမ်မှူးဖြစ်လာတာပါ။ ရွာတာဝန်ခံကျတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ဆယ်ယောက်လောက်၊ အယောက်နှစ်ဆယ်လောက်ရဲ့ မဲနဲ့ ရွေးရတာမို့ တစ်ခါတလေ ရာအိမ်မှူးကို ကျော်ပြီး ဆယ်အိမ်မှူးက ရွာတာဝန်ခံ ဖြစ်သွားတတ်ပါတယ်။ နောင် ဥပဒေ၊ နည်းဥပဒေပြင်ဆင်တဲ့အခါ ဒါလေး တစ်ချက်တော့ ပြန်သုံးသပ်သင့်တယ်လို့ ယူဆပါတယ်။

 

နောက်တစ်ချက်ကတော့ ကုန်ကျစရိတ်ကိစ္စပါ။ ရပ်/ကျေး ရွေးတဲ့ကိစ္စက တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရတဲ့ကိစ္စမို့ ကုန်ကျ စရိတ်တွေ ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါကာလမှာ ကျင်းပတဲ့ပွဲမို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းတွေ လိုမှာပါ။ နှာခေါင်းစည်းတို့၊ မျက်နှာအကာတို့၊ လက်အိတ်တို့လိုမှာပါ။ ဖြစ်နိုင်ရင်တော့ မဲလာပေးတဲ့ သူတွေကို ဒီပစ္စည်းတွေပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒီအတွက် တစ်နည်းတစ်ဖုံ စဉ်းစားပေးသင့်ပါတယ်။ လူသုံးဆယ် မစုဝေးရတဲ့အမိန့်ကိုလည်း ရပ်/ကျေးရွေးပွဲအတွက် ခြွင်းချက်ပြုတဲ့အမိန့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှသာ စိတ်ချလက်ချ ဆောင်ရွက်နိုင်မှာပါ။

 

အရင်နှစ်တွေလို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး၊ ဥပဒေပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ အခက်အခဲရှိတာမို့ စာနယ်ဇင်းတွေ၊ ရုပ်သံလိုင်းတွေကနေ ပညာပေးအစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သင့်ပါတယ်။

 

ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တင်ပြစရာတွေ အများကြီးရှိတဲ့အထဲက အရေးကြီးတဲ့ အချက်အလက်တချို့ကို ထုတ်နုတ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

 

လူမှန် နေရာမှန်ဖြစ်စေဖို့ နည်းမှန်လမ်းမှန်နဲ့ ရွေးချယ် ကြပါစို့။ ။