လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (မွန်) ပထမနေ့ ဖွင့်ပွဲကျင်းပ

ရေး ၅ မေ

 

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(မွန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ်ရှိ ပြည်သူ့အားကစားရုံ၌ ကျင်းပသည်။

 

 

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ကျိုက်မရောမြို့နယ်၊ ရာမညနိကာယ ကော့ပလိုင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ကေတုမာလာက သြဝါဒစကားမြွက်ကြားသည်။ ယင်းနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အမှာစကားပြောကြားရာ တွင် (NCA) လက်မှတ် ရေးထိုးပြီးနောက် မွန်ပြည်သစ်ပါတီ အနေဖြင့် ယခုကဲ့သို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊

 

ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် အာမခံခွင့်အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအား နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားနိုင်ရန် အရေးကြီးပါကြောင်း ယင်းသို့ တည်ဆောက်နိုင်ရန် တိုင်းရင်းသားများ၏ လိုလားချက်၊ သဘောဆန္ဒတွေကို အမြင်သဘောထားတွေကို စုစည်းနိုင်ရေးအတွက် ယခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား ကျင်းပရခြင်းဖြစ်ပါကြောင်း သို့ဖြစ်ရာ ယခုဆွေးနွေးပွဲမှ မွန်တိုင်းရင်းသားတို့၏ လိုအပ်ချက်၊ လိုလားချက်များနှင့် အမြင်သဘောထားများအား တင်ပြခွင့်ရတော့မှာ ဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။

 

 

ဆက်လက်၍ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားပြီး ပြည်တောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့မှ ဦးခင်ဇော်ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ ဦးခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးစောထွန်းအောင်မြင့်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ကျန်ရစ် နှင့် မွန်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငွေသိန်းတို့က အမှာစကားများ ပြောကြားကာ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဗညားလယ်မှ မွန်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းပြေကြားသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေးမြို့၊ မွန်ဓမ္မာရုံတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ အထက(၁) ကျောင်း ဘုရားဆောင် ခန်းမတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူမှုရေးကဏ္ဍ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ အထက(၁) ပညာရတနာ ခန်းမဆောင်တွင် ဖက်ဒရယ် စီးပွားရေးဆိုင်ရာ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ တပလ္လင်နှစ်ဆူဓမ္မာရုံတွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်များကို လည်းကောင်း ကိုယ်စားလှယ် အသီးသီးတို့က အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲကို မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲကိုယ်စားလှယ်တော် ၅၀ဝ တို့က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)မှ သတ်မှတ်ထားသည့် ဆွေးနွေးမှုကဏ္ဍ လေးရပ်အား သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးသွားကြမည်ဖြစ်သည်။

 

အခမ်းအနားသို့ သံဃာတော်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲကိုယ်စားလှယ်တော်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)