လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော် ၂၇ ဇွန် 

 

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ(၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့သဖြင့် ကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကျွမ်းကျင်သူများ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးကော်မတီ၊ ကျွမ်းကျင်သူများစည်းကမ်း ထိန်းသိမ်းရေးကော်မတီ၊ အကြံပေးကော်မတီ သို့မဟုတ် အမှုဆောင်ကော်မတီနှင့် ရုံးအဖွဲ့ ဖွဲ့စည်းရန်၊ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းရာတွင် ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် တရားလွှတ်တော်ရှေ့နေများ၊ ငွေရေးကြေးရေးကိစ္စအတွက် စာရင်းပညာရှင်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွက် စီးပွားရေးပညာရှင်များ ပါဝင်ဖွဲ့စည်းရန်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေတွင် အပိုင်း ၁၁ ပိုင်း ပါဝင်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များသဖြင့် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါအစည်းအဝေးသို့ ကြီးကြပ်ရေးကောင်စီဝင်များဖြစ်သည့် တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေး၌ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဝင်များက ပြည်ထောင်စုစာရင်းစစ်ချုပ်အား ကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း ဖွဲ့စည်းထားရှိမှုကို အသိအမှတ်ပြုကြပြီး လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကို မှတ်ပုံတင်လက်မှတ် ဆောလျင်စွာ ထုတ်ပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကာ ဦးစားပေး ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အကြံပြုခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်