လူ့အရင်းအမြစ်များဆုံးရှုံးမှုကိုလျှော့ချ

 

နေ့စဉ်လူမှုဘဝ သွားလာနေကြရာ၌ ယာဉ်မတော်တဆဖြစ်မှုကိုရံဖန်ရံခါ ကြုံတွေ့ကြားသိကြရဖူးမည်ဖြစ်သည်။ ရံဖန်ရံခါမှသာ ဖြစ်တတ်သည်ဟူ၍ ယာဉ်မတော်တဆဖြစ်မှုကို အမှုမဲ့အမှတ်မဲ့နေခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆ ဖြစ်မှုများကို နိုင်ငံအလိုက်၊ ကမ္ဘာလုံးနှင့်ချီ၍ လေ့လာကြည့်မည်ဆိုလျှင် စိုးရိမ် ထိတ်လန့်ဖွယ် မြင်တွေ့ရမည်ဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် (၂၀၁၈)ခုနှစ် အစီရင်ခံစာအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လမ်းများပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ် ပျမ်းမျှလူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးလျက်ရှိပြီး လူဦးရေ သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာများရရှိနေကြောင်း သိရှိခဲ့ရာ လမ်းများပေါ်တွင် လူ့အရင်းအမြစ်များ ဆုံးရှုံးနေမှုသည် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး ရှိ လူဦးရေ တစ်သိန်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အာဖရိကနှင့် အရှေ့တောင်အာရှတွင် သေဆုံးမှုအများဆုံး ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် လူအများဆုံးသေဆုံးရသည့်ဖြစ်စဉ်များတွင် လမ်းများပေါ်မှ သေဆုံးရခြင်းသည် အဆင့်(၈)နေရာတွင်ရှိပြီး အသက်(၅)နှစ်မှ (၂၉)နှစ်အတွင်းရှိ လူ့အဖွဲ့အစည်းအတွင်းမှ တန်ဖိုးရှိသော ကလေးသူငယ်များ၊ လူသားအရင်းအမြစ် များဖြစ်သည့် လူငယ်လူရွယ်များဆုံးရှုံးမှုများမှာ အဆင့်(၁)နေရာတွင်ရှိနေကြောင်း စိုးရိမ်ဖွယ်ရာသိရှိရသည်။ ထို့အပြင် လမ်းများပေါ်မှ မတော်တဆမှုများကြောင့် နိုင်ငံများ၏ နှစ်စဉ်ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနေသည်။ အဆိုပါထိခိုက်နစ်နာဆုံးရှုံးမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင် ကြုံတွေ့နေရသည်ဟု သိရသည်။

 

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံး ပြုမှု တိုးတက်များပြားလာပြီး ယာဉ်စီးရေ နှစ်စဉ်တိုးတက်များပြားလာမှု၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးမှု များပြားပြီး လူသားအရင်းအမြစ်များ မဆုံးရှုံးသင့်ဘဲဆုံးရှုံးနေရသည်ကို တွေ့ရမည် ဖြစ်သည်။ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် အရေးယူခြင်းများကို အလေးထား ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မော်တော် ယာဉ်အသုံးပြုမှုနှင့်ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။

 

ထို့အပြင် ယာဉ်များမောင်းနှင်အသုံးပြုနေသည့်လမ်းများ ဒီဇိုင်းမှန်ကန်ရေး၊ လမ်းများကို စံချိန်စံညွှန်းကိုက်ညီအောင် တည်ဆောက်ရေးနှင့် ပုံမှန်ပြုပြင် ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း မပျက်မကွက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာသည့် ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ လိုက်နာထိန်းသိမ်းဆောင်ရွက်နိုင်လျှင်၊ အသုံးပြုသည့်ယာဉ်များ ကြံ့ခိုင်မှုကောင်းမွန်နေမည်ဆိုလျှင်၊ လမ်းများလုံခြုံစိတ်ချမှုရှိနေမည်ဆိုလျှင်၊ လမ်းအသုံးပြုသူအားလုံး စည်းကမ်းလိုက်နာကြမည်ဆိုလျှင် ယာဉ်အန္တရာယ် ကင်းဝေးလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နှစ်လွန်ယာဉ်များ အသုံးပြုမှုများပြားလာသောကြောင့် လမ်းပိတ်ဆို့မှု၊ ယာဉ်အန္တရာယ်ဖြစ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စသည့်ထိခိုက်မှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသဖြင့် အန္တရာယ်ဖြစ်မှုများ တိုးပွားလာ သည်။

 

ယခုအခါ နိုင်ငံတော်အစိုးရက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကိုဖွဲ့စည်းပြီး လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ရာ ၂၀၃၀ ပြည့်နှစ် တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိလျှော့ချရေး ရည်မှန်းချက်ကို မျက်ခြည်ပြတ် မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။