လူ့အခွင့်အရေးများ တစ်ပြေးညီပွင့်လန်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် စုပေါင်းအင်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တောင်ပေါ်မြေပြန့် မခွဲခြားဘဲ လူ့အခွင့်အရေးများ ပွင့်လန်း လာကြစေရန် ပြင်းပြစွာဆန္ဒပြုကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကျယ်ဝန်းနက်ရှိုင်းသည်။ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့က စေတနာသဒ္ဓါတရား ရက်ရောစွာဖြင့်ပေးမှ ရထိုက်သော အခွင့်အရေးမဟုတ်။ လူတိုင်း၊ လူတိုင်းရရှိထားသည့် မွေးရာပါ အခွင့်အရေးဖြစ်သည်။ အခြားသူ တစ်ဦးတစ်ယောက်၏ အခွင့်အရေးများကို ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေဘဲ မိမိတို့၏ အခွင့်အရေးများအား ကျင့်သုံးနိုင်သော ရပိုင်ခွင့်လည်း ဖြစ်သည်။

လူသားတို့၏ အခြေခံအကျဆုံးအခွင့်အရေးဖြစ်သော လူ့အခွင့်အရေးများကို လူမျိုးအားဖြင့်ဖြစ်စေ၊ အသားအရောင် အားဖြင့် ဖြစ်စေ၊ ကျား/မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေး အယူအဆ အားဖြင့်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ လူသားတိုင်းသည် တန်းတူညီမျှစွာ ခံစားနိုင်ရန်ဖြစ်ပါသည်။

စစ်အတွင်းကာလများက ကမ္ဘာ့လူသားများသည် လူ့အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခြင်းခံခဲ့ရသည်။ စစ်ပြီးကာလ၌ ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းသာယာဝပြောရေးကို ရှေးရှုဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကို ဖွဲ့စည်းပြီး နောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လူသားအားလုံးနှင့် သက်ဆိုင်သည့် စံတစ်ရပ်ဖြစ်သော လူ့အခွင့်အရေး ကြေညာစာတမ်းကို ချမှတ်ခဲ့ရာ ထိုကြေညာစာတမ်းကို ထောက်ခံသည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမဆုံးထောက်ခံသည့်နိ ုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် စစ်ပြီးကာလနောက်ပိုင်းတွင် လူ့အခွင့်အရေးများကို မြှင့်တင်ဖော်ဆောင်ပေးခဲ့သော်လည်း လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးနေသော လူ့ဘောင်လောကအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ယုတ်လျော့ သွားခြင်းမရှိဘဲ တိုးတက်ဖြစ်ပေါ်နေသည်ကို ကြားသိရမည်ဖြစ်သည်။ ယခုအခါ လူ့အခွင့်အရေးဆိုင်ရာတို့ကို ကုလသမဂ္ဂနှင့် အတူ နိုင်ငံအလိုက် အလေးထား ဆောင်ရွက်ပေးနေသည်။

လူ့အခွင့်အရေးဟူသည် မူလအဓိပ္ပာယ် ဖွင့်ဆိုချက်ပါအတိုင်း တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့က စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပေးမှရထိုက်သော အခွင့်အရေးမဟုတ်။ အခြားသူ တစ်ဦးတစ်ယောက်၏အခွင့်အရေးများကို ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေဘဲ မိမိတို့၏ အခွင့်အရေးများအား ကျင့်သုံးနိုင်သော ရပိုင်ခွင့်ဖြစ်သည်ကို သတိမူကာ ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။ 

လူ့အခွင့်အရေးတွင် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော၊ လွှဲပြောင်း၍ မရနိုင်သော၊ မခွဲခြားနိုင်သော၊ အပြန်အလှန်ဆက်နွှယ်နေသော၊ တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုနေသော ထူးခြားသည့် အခွင့်အရေး လက္ခဏာများရှိသည်။ ထို့ကြောင့် လူ့အခွင့်အရေးသည် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် အပြန်အလှန် ချိတ်ဆက်လျက်ရှိသည်ကိုလည်း သိရှိနားလည်ထားရမည် ဖြစ်သည်။ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးဟု ဆိုကာမျှနှင့်လည်း မပြီးချေ။ အဆိုပါ လူ့အခွင့်အရေး၏ ထူးခြားသည့် ဝိသေသ လက္ခဏာများနှင့်အညီ ကျင့်သုံးဖော်ဆောင်မှ လျော်ကန်သင့်မြတ်မည် ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်း နေပြီဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံများနည်းတူ ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသော လူသားအားလုံးနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ စံနှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိပြီး သင်ကြားပေးရန်၊ လေ့ကျင့်ပေးရန်၊ အသိပညာပေးရန် ကြိုးပမ်းအားထုတ်လျက် ရှိပါကြောင်း။    ။
(ကြေးမုံ)