လုပ်နေမိတတ်တဲ့ အလွဲလေးတွေ

လူတိုင်းလူတိုင်း ကိုယ်လုပ်နေကျ အလေအကျင့်လေးတွေရှိပါတယ်။ ကောင်းတာရော ဆိုးတာရောရှိပေမယ့် ကောင်းအောင်လို့ ကိုယ်လုပ်နေတဲ့ အလေ့အကျင့်တစ်ချို့ အလေ့အကျင့်တွေ လမ်းလွဲသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီတော့ တစ်နေ့တာမှာ ဘယ်လိုအလွဲတွေကို မသိလိုက်ဘဲ လုပ်နေမိတတ်လဲ ။ ။

 

( ၁ ) ကော်ဖီသောက်ပြီးပြီးချင်း သွားတိုက်တာ။

 

ဒါပေမယ့် ကော်ဖီ သောက်ရင်လည်း သွားအရောင်စွန်းဦးမယ် ၊အချိုစားများရင်လည်း သွားကြွလွှောတွေ ပျက်စီးဦးမယ်ဆိုတော့ မစားဘဲနဲ့လည်း မနေနိုင် သွားလေးတွေလည်း လှချင်တယ်ဆိုတော့ စားပြီးတာနဲ့ တစ်ချို့သွားတန်းတိုက်တဲ့သူတွေရှိပါတယ်။ အဲဒီမှာ စလွဲတာပါပဲ။ ကော်ဖီတို့ အချိုမုန့်တွေမှာပါတဲ့ အက်ဆစ်ဓာတ်ကြောင့် အားနည်းနေတဲ့ ကြွလွှောကို ပွတ်တိုက်မိတဲ့အခါ ကြွလွှောပိုပျက်စီးသွားတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနဲ့ပဲအရင်ပလုတ်ကျင်းထားပြီး နောက်တစ်နာရီလောက်နေမှ သွားတိုက်လို့ရပါတယ်။

 

( ၂ ) ဝိုင်သောက်ချိန် ရေမသောက်တာ

 

ဝိုင်နီ ရော ဝိုင်ဖြူရောနှစ်ခုလုံးက သွားကိုစွန်းထင်းစေတဲ့ အရာတွေဖြစ်ပြီး အက်ဆစ်ဓာတ်ကြွယ်ဝတာကြောင့် သွားကြွလွှော တွေကို ထိခိုက်နိုင်တဲ့အရာတွေပါ။ နောက်ပြီး ဝိုင်တို့ အရက်တို့ဆိုတာ ရေဓာတ်ခမ်းခြောက်စေတဲ့ အရာတွေဖြစ်တာကြောင့် ဝိုင်သောက်နေတဲ့အချိန် ရေပြန်မသောက်ပေးတဲ့အခါ ခံတွင်းအတွက်ရော ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်ရော ဆိုးသွားစေနိုင်ပါတယ်။

 

( ၃ ) ဆံပင်အခြောက်အတိုင်း ရေဆင်းကူးတာ

 

ရေကူးကန်ထဲက ရေတွေဆိုတာ ဓာတုပစ္စည်းတွေပြည့်နေတဲ့အရာတစ်ခုပါ။ ကိုယ့်ဆံပင်ကို ဖော့တုံးတစ်ခုလို့ စဉ်းစားကြည့်ပါစို့။ ခြောက်နေတဲ့ ဖော့တုံးတစ်တုံးကို ရေထဲချလိုက်တဲ့အခါ ရေတွေကိုစုပ်ယူသွားသလိုပဲ ဆံပင်အခြောက်ကြီးနဲ့ ရေကူးကန်ထဲကို ဆင်းမယ်ဆိုရင် ကန်ထဲက ဓာတုပစ္စည်းတွေပါတဲ့ ရေတွေကို ဆံပင်ကစုပ်ယူလိုက်လို့ ဆံသားပျက်စီးသွားပါလိမ့်မယ်။ ဒါ့ကြောင့် ရေကူးကန်ထဲဆင်းမယ်ဆိုရင် ဆံပင်ကိုအရင်စိုအောင်လုပ်ပြီးမှ ဆင်းဖို့ပါ။

 

( ၄ ) ခေါင်းလျှော်ရည်အများကြီးသုံးတာ နည်းနည်းပဲ သုံးတာ

 

ခေါင်းလျှော်ရည်အများကြီးသုံးရင် ဆံသားက အဆီဓာတ်တွေ ခြောက်သွေ့သွားတတ်ပြီး နည်းနည်းလေးပဲ သုံးတဲ့အခါမှာလည်း အညစ်အကြေးတွေ မစင်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဆံပင်ပမာဏ အပေါ်မူတည်ပြီး ခေါင်းလျှော်ရည်သုံးတတ်ဖို့ လိုပါလိမ့်မယ်။

 

( ၅ ) နားကြပ်ဂွမ်း အသုံးများတာ

 

နားကြပ်တဲ့ ဂွမ်းတွေဟာ နားထဲရေဝင်တဲ့သူတွေအတွက် အသုံးဝင်ပေမယ့် နားဖားချေးကလော်တဲ့အခါမှာတော့ နားဖားချေးတွေကို  အတွင်းထဲရောက်အောင် တွန်းပို့လိုက်သလိုဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် နားယားတိုင်း နားကြပ်တောင် အမြဲသုံးနေလို့ မကောင်းပါဘူး။

 

( ၆ ) ချွေးနံ့ပျောက်ဆေးနဲ့ ချွေးမထွက်အောင်ထိန်းတဲ့ဆေး မှားသုံးတာ။

 

Deodorant (ချွေးနံ့ပျောက်ဆေး) က အနံ့မထွက်အောင်ဘဲ ထိန်းနိုင်တာဖြစ်လို့ ချွေးအရမ်းထွက်တာကို ထိန်းချင်ရင် antiperspirant သုံးဖို့လိုပါတယ်။

 

ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”