လုံခြုံရေးနှင့် နိုင်ငံ့ အကျိုးကိုရှေးရှုဖော်ဆောင်

နေပြည်တော် ၅ နိုဝင်ဘာ

 

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော စိစစ်ပြီး နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

 

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို နိုဝင်ဘာလလယ်တွင် ပထမအသုတ် စတင်လက်ခံဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပြီး ဖြစ်သည်။ ထို့အပြင် နှစ်ဖက်သဘောတူညီမှုအရ နှစ်နိုင်ငံနယ်နိမိတ် မိုင်တိုင်အမှတ် ၃၄ နှင့် ၃၅ အကြားရှိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ယာယီ နေထိုင်သူများအရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။

 

ရခိုင်ပြည်နယ် မောင်တောဒေသအရေးသည် နှစ်ရှည်ဖြစ်လာသည့် လူမှုရေးကိစ္စမှသည် နိုင်ငံရေး၊ လုံခြုံရေး စသည့်ကဏ္ဍများအထိ ဆက်စပ် နေသဖြင့် သတိကြီးကြီးထား၍ ဆင်ခြင်ဉာဏ်ဖြင့် အလေးထားဆောင်ရွက် နိုင်ရန် အရေးကြီးသည်။ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီ၊ UEHRD  ကော်မတီများအပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ စသည့် ကော်မတီများဖွဲ့စည်းကာ အလေးထား ဆောင်ရွက်နေသည်။

 

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကိုဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးအပ်ခဲ့သော လူဦးရေ ၈၀၃၂ ဦးစာရင်း၌ ပါဝင်နေသည့် အကြမ်းဖက်သမားများအပါအဝင် ARSA အကြမ်းဖက် သမားများကို အရေးယူနိုင်ရေးကိစ္စမှာ အရေးကြီးသဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တောင်းဆိုထားသည်။ ထိုအရေးမှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်၍ ယင်းကိုစနစ်တကျ တိတိကျကျဖော်ထုတ် အသိပေးခြင်းဖြင့် အမှန်တရားမှာ ထင်ရှားပေါ်လွင်လာမည်ဖြစ်သည်။

 

တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးမှ ပဉ္စမအကြိမ် အစည်းအဝေးအထိ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအပိုင်းကို စနစ်တကျ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ တရားမျှတမှုနှင့် မှန်ကန်မှုရှိစွာဖြင့် ကောင်းမွန်စွာနေထိုင်ခဲ့ကြသူများဖြင့် အကြမ်းဖက်သမားများကို စိစစ်ခွဲခြားပြီး အရေးယူရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို မြှင့်တင်ဆောင်ရွက်ပေးရေးမှာ မှန်ကန်သော လုပ်ဆောင်မှုများဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေသလို ဒေသနေပြည်သူများ၏ လူနေမှုဘဝတိုးတက်စေရေး၊ လူမှုအသိုက်အဝန်း များအကြား ယုံကြည်မှုတည်ဆောက်ရေး၊ သဟဇာတဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် UNDP၊ UNHCR၊ ပြည်တွင်းအဖွဲ့အစည်းများ၊ အလှူရှင်များနှင့်မိတ်ဆွေနိုင်ငံများ၏ အကူအညီများဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စိစစ်ရေးလုပ်ငန်းများမှ အစ လူမှုဘဝဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံးကို အကွက်စေ့စေ့ ဆောင်ရွက်ပေးနေသည်မှာ မြန်မာနိုင်ငံ၏ မှန်ကန်သော လုပ်ဆောင်ချက်များနှင့် မွန်မြတ်သောစိတ်ထားများဖြစ်သည်။

 

သို့ဖြစ်ရာ နှစ်ဖက်အပြန်အလှန်နားလည်မှု၊ ဓမ္မဓိဋ္ဌာန်ကျကျ အပြုသဘောဆောင်သည့် ပူးပေါင်းကူညီဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ နှစ်နိုင်ငံသဘောတူညီချက်များကို လေးစားလိုက်နာမှုများဖြင့် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး၊ ခေါ်ယူရေး လုပ်ငန်းစဉ်များသည် ပိုမိုကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ