လုံခြုံရေးခြိမ်းခြောက်ခံရမှုကြောင့် Fast & Furious ရုပ်ရှင်သစ် ပရိုမိုးရှင်းပွဲ ဖျက်သိမ်း

၂၁  မေ

အောင်မြင်တဲ့ ရုပ်ရှင်တွေဖြစ်ကြတဲ့ Fast & Furious ရုပ်ရှင်တွေရဲ့ ကိုးကားမြောက် ရုပ်ရှင်သစ် ရုံတင်ပြသမယ့်ရက် နီးကပ်လာပြီဖြစ်ပြီး အဆိုပါ ရုပ်ရှင်သစ်အတွက် အရောင်း မြှင့်တင်ရေးပွဲတစ်ခုကို ရှန်ဟိုင်းမှာ လတ်တလောပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ ခဲ့ရပြီးနောက် အဆိုပါ အခမ်းအနားကို ဖျက်သိမ်းခဲ့ရကြောင်း ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးက ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Fast & Furious 9 ရုပ်ရှင်ကို မေ ၁၈ ရက် မှာ ရှန်ဟိုင်းမှာ ပရိုမိုးရှင်းပွဲ ပြုလုပ်ဖို့ရာ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ယူနီဗာဆယ်ရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အဆိုပါ အခမ်းအနားရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို ခြိမ်းခြောက်တဲ့စာ လက်ခံရရှိပြီးနောက် ယင်းအခမ်းအနားကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ယူနီဗာဆယ်အနေနဲ့ ခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ လုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့  အခမ်းအနားကို ဖျက်သိမ်းဖို့ရာ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအကြောင်းကို ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးက တရုတ်လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ ဝီဘို စာမျက်နှာပေါ်မှာ မေ ၁၈ ရက်က ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Fast & Furious 9 ကို မေ ၂၁ ရက်မှာ စတင်ပြသသွားမှာဖြစ်ပြီး လက်ရှိအချိန်အထိ အဆိုပါ ရုပ်ရှင်သစ်အတွက် လက်မှတ်ကြိုတင်ရောင်းရငွေ ယွမ်သန်း ၁၀၀ ကျော်လွန်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင် သစ်ကို အမေရိကန်နိုင်ငံမှာ ဇွန် ၂၅ ရက်မှာ စတင်ပြသသွားမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ တစ်လခန့်စောကာ ရုံတင်တာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်သစ်ကို စင်ကာပူနိုင်ငံမှာ ယခုလနှောင်းပိုင်းမှာ စတင်ပြသဖို့ စီစဉ်ထားခဲ့ပြီး ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် လာမယ့် ဇွန် ၂၄ ရက်သို့ ရွှေ့ဆိုင်းလိုက်တဲ့အတွက် စင်ကာပူမှာ အမေရိကန်ထက် တစ်ရက်စောကာ ရုံတင်သွားမှာလည်း ဖြစ်ပါတယ်။

အေးပြည့်