လုံခြုံမှု အထူးဂရုပြု

နေပြည်တော် ၂၈ ဧပြီ

အီရတ်နှင့် ဆီးရီးယားတွင် အရေးနိမ့်လာခဲ့သည့် အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် မလေးရှားနိုင်ငံ ဆာဘားပြည်နယ်အတွင်း စုရပ်များ ရွေးချယ်ထားကြောင်း မလေးရှားရဲမင်းကြီးက ပြောကြားခဲ့ခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတကာသတင်းက မိမိတို့နိုင်ငံတွင် လုံခြုံရေးကို အထူးဂရုပြုကြရန် နှိုးဆော်လိုက်သကဲ့သို့ပင်ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် အရေးနိမ့်ခဲ့သည့် အကြမ်းဖက်ဝါဒီတို့က ၎င်းတို့၏ လှုပ်ရှားမှု အချက်အချာဒေသကို လုံခြုံရေး အားနည်းမည်ဟု ၎င်းတို့ယူဆသည့် နေရာများသို့ ရွှေ့ပြောင်းကာ ခြေကုပ်ယူကြရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။ အရှေ့တောင်အာရှဘက်သို့ ဦးတည်လာသော အိုင်အက်စ် အကြမ်းဖက်သမားများတွင် အင်ဒိုနီးရှားနှင့် အခြားအရှေ့တောင်အာရှသားများလည်း ပါဝင်သည်ဟု ယူဆရကြောင်း မလေးရှားရဲမင်းကြီး၏ ပြောကြားချက်နှင့်အတူ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာရာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့်နေရာကို အခွင့်ကောင်းယူရန် ကြိုးပမ်းလာခြင်းပင် ဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက် သို့မဟုတ် ဘာသာရေး ရည်မှန်းချက်တစ်ခုခုအတွက် ပြည်သူလူထုကို အကြောက်တရား သွတ်သွင်းနိုင်ရန်အလို့ငှာ ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှု နည်းလမ်းများဖြင့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် အကြမ်းဖက်ဝါဒ၏ သရုပ်သကန်ပင် ဖြစ်သည်။ ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ရာမှာ လူ့အဖွဲ့အစည်းများထဲတွင် ၎င်းတို့၏ အမြုတေ (Cell) များ မြှုပ်နှံခြင်း၊ ၎င်းတို့၏ အစွန်းရောက် အတွေးအခေါ်များကို သွတ်သွင်းကာ ဦးနှောက် ဆေးကြောခြင်း၊ အတွင်းနှင့်အပြင် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့် နည်းလမ်းများကို ကျင့်သုံးကြခြင်းဖြစ်သည်။ အိုင်အက်စ်ကဲ့သို့သော အဖွဲ့ကမူ ဘာသာရေး အရေခြုံထားသော်လည်း ၎င်းတို့၏ အတွေးအခေါ်၊ အကျင့်အကြံများသည် ဘာသာရေးနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်ပြီး ဆန့်ကျင်ကြောင်း ဘာသာရေး အကြီးအကဲများနှင့် လူကြီးသူမများက ပြောကြားကြသည့်အလျောက် လူငယ်လူရွယ်များ လမ်းမှားရောက် မသွားစေရန် ဂရုပြုစောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် အီစတာပွဲတော်နေ့က ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားတို့၏ ချိတ်ဆက်လှုပ်ရှားခဲ့ပုံ၊ သာမန်ပြည်သူ လူထုများအကြားတွင် လှုပ်ရှားသွားလာနေပုံတို့ကို သတင်းများတွင် ဖော်ပြခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မည့် သတင်းများကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတို့က ကြိုတင်ရရှိထားခဲ့သော်လည်း ပေါ့ဆစွာ လျစ်လျူရှုခဲ့ခြင်းနှင့်အတူ လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခဲ့ခြင်းတို့ကြောင့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရကာ အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံး ခဲ့ကြရသည်ကို သင်ခန်းစာ ယူရမည်ဖြစ်သည်။

အကြမ်းဖက်ခြင်းသည် သာမန်လှူအဖွဲ့အစည်းကို ရက်ရက်စက်စက် တိုက်ခိုက်ခြင်းပင် ဖြစ်ခြင်းကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်ရာတွင် လူတိုင်းလူတိုင်းက ပါဝင်ကြရမည်ဖြစ်သည်။ ဘာသာရေး၊ နိုင်ငံရေး စသည်တို့မှာ အကြမ်းဖက်ဝါဒီတို့၏ အကြောင်းပြချက်မျှသာဖြစ်ပြီး ၎င်းတို့၏ အဓိကဦးတည်ချက်မှာ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း လူ့အဖွဲ့အစည်းကို အကြောက်တရား လွှမ်းမိုးထားရန်သာ အဓိကဖြစ်သည်။ လူတိုင်းက မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် လူစိမ်းသူစိမ်း ဝင်ထွက်သွားလာမှုများ၊ မသင်္ကာဖွယ်လှုပ်ရှားမှုများ၊ အယောင်ဆောင် ဖုံးကွယ်နေထိုင်မှုများ၊ အစွန်းရောက် အတွေးအခေါ်သင်ကြားမှု၊ သွေးဆောင်ဖြားယောင်းမှုများ စသည်တို့ကို ဂရုပြုစောင့်ကြည့်ကာ သက်ဆိုင်ရာသို့ သတင်းပို့ခြင်း၊ လုံခြုံရေးဆောင်ရွက်မှုများ၌ ပူးပေါင်းပါဝင်ခြင်း၊ ကူညီဆောင်ရွက်ခြင်း နည်းလမ်းများအားဖြင့် မိမိတို့၏ လူ့အသိုင်းအဝိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း၊ အေးချမ်းသာယာမှု ပျက်ပြားကာ အကြောက်တရား လွှမ်းမိုးခံရခြင်းတို့မှ ရှောင်ရှားနိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း