လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲနှင့် လူထုအသံကြားနာခြင်း သံဖြူဇရပ်တွင်ကျင်းပ

သံဖြူဇရပ် ၃၀ ဇွန် 

မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ လွှတ်တော်ဆိုင်ရာ အတွေ့ အကြုံရှင်းလင်းပွဲကို၊ ဇွန် ၃၀ ရက် နံနက် ၁၁ နာရီက ဝဲကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ရွာ ကျိုက်ရာမညဇိနရုပ်ပွားတော်မြတ်ဓမ္မရာရုံတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ဌာနဆိုင် ရာများ၊ ဝဲကဝါ၊ ပင်၊ အောင်ကုသိုလ်ကျေးရွာမှ ပြည်သူများတက်ရောက်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ "လွှတ်တော်အဆင့်ဆင့်၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထုကို အခြေခံကြောင်း၊ လွှတ်တော်မှပြည်သူများ၏ လိုအပ်ချက်တင်ပြချက်များကို နားထောင်ပြီး၊ ဆောင်ရွက်ပေးနိုင်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း။ ပြည်သူများအတွက် အကျိုးပြုစေမည့် လုပ်ငန်းများကို ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းအပြည့်အဝဆောင်ရွက်ပေးနေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့ အကြုံရှင်းလင်းပွဲနှင့်အတူ လူထု၏ဆန္ဒနှင့်တင်ပြချက်များကို ရယူခြင်း ဖြစ်၍ ပြည်သူများမှလိုအပ်ချက်နှင့် အခက်အခဲများကို ပြောကြားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းမှ၊ သံဖြူဇရပ်မြို့နယ် ပြည်သူအကျိုးအတွက် လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှုများကို အသိ ပေးပြောကြားပြီးနောက်၊ တက်ရောက်လာသည့်ပြည်သူများမှ ကျေးရွာစာသင်ကျောင်း၊ လမ်း၊ တံတားနှင့် လျှပ်စစ်မီးကဏ္ဍများ၊ ဥယျာဉ်ခြံမြေဂရန်ကိစ္စရပ်များ၊ အောင်ကုသိုလ်ရွာကိုမြို့ပေါ်ရပ်ကွက်အဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးတင်ပြရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ချပြဆွေးနွေးကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)