လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ပိုင်း၊ ရုပ်/သံပိုင်းနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်း

နေပြည်တော် ၂၀ ဇွန်

 

လွှတ်တော်အဆောက်အဦများ ကြံ့ခိုင်ရေးနှင့် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ပိုင်း၊ ရုပ်/သံပိုင်း၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စနစ်များ စစ်ဆေးပြုပြင်ရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး၊ ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယကများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ဦးအေးသာအောင်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တတ်ရောက်ကြသည်။

 

အစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယကများက အဖွင့်အမှာစကား ပြောကြားသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ အကြံပြုဆွေးနွေးပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာစကား ပြောကြားသည်။ 

 

(သတင်းစဉ်)