လွှတ်တော် ကိုယ်စားလှယ်များ အဆိုဆွေးနွေးရာတွင် နိုင်ငံတော် တံဆိပ်အား မျက်နှာမူ ဆွေးနွေးကြရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သတိပေး

နေပြည်တော် ၁၄ မတ်

 

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဆိုဆွေးနွေးရာတွင် နိုင်ငံတော် တံဆိပ်အား မျက်နှာမူ ဆွေးနွေးကြရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော သတ္တမ ပုံမှန် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

 

 

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတင်သွင်းသည့် အဆိုနှင့် မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော် တံဆိပ်အား မျက်နှာမူကာ ဆွေးနွေးပြီး နောက်သို့လှည့်ကာ ဖြေကြားခြင်း မပြုကြရန် လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားပါသည်။

 

“မေးခွန်းကို ဆွေးနွေးတဲ့ အခါမှာ လွှတ်တော်ကို မျက်နှာမူပါ ၊ လွှတ်တော် မျက်နှာမူတယ်ဆိုတာ ကျွန်တော့်ကို မျက်နှာမူခိုင်းတာ မဟုတ်ပါဘူး၊ နိုင်ငံတော်တံဆိပ်ရှိတယ် နိုင်ငံတော်ကို မျက်နှာမူခိုင်းတာ အဲ့တာသိဖို့ လိုတယ် လွှတ်တော်ကို ဆွေးနွေးပါ။ ဦးတည်ပါဆိုတာပါ။ ကျွန်တော့်ကို ဦးတည်ခိုင်းတာ မဟုတ်ဘူး။ ကျွန်တော်က နိုင်ငံတော် ကိ်ုယ်စားလုပ်နေတာ နိုင်ငံတော်တံဆိပ် တင်ထားတဲ့ ထိပ်မှာ ဆွေးနွေးတာ အဲ့ဒီသဘောပါ ” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

 

အဆိုပါ စကားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးအောင်က နိုင်ငံတော် အစိုးရမှ ရခိုင်ပြည်နယ် အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေး ကိစ္စအား ပွင့်လင်းမြင်သာရေးအတွက် ပြည်သူများအား အသေးစိတ် ရှင်းပြချိန်တွင် နောက်သို့လှည့်ကာ ဖြေကြားခဲ့ခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ  ဦးဝင်းမြင့်က အခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူ့ လွှတ်တော်တွင် နယ်ပယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ် (၄၃၃) ဦး တက်ရောက်ကာ ဆွေးနွေးနေသော လွှတ်တော် တစ်ရပ်ဖြစ်သည်။

 

မျိုးထက်ဦး ၊ သူရိန်