လွတ်လပ်သောနိုင်ငံ၏ ဥပဓိရုပ်

၂၅ ဒီဇင်ဘာ

 

ကြေးမုံအယ်ဒီတာ့ အာဘော်

 

 

လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ထိုက်သည့် ဥပဓိရုပ် လေးရပ်ရှိသည်ဟုမှတ်သားဖူးသည်။ ယင်းဥပဓိရုပ် လေးရပ်မရှိလျှင် လွတ်လပ်သောနိုင်ငံ၊လွတ်လပ်သောလူမျိုးဟု မခေါ်ဆိုထိုက်ချေ။ တစ်နည်းဆိုလျှင်သူတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝ၊ အဖိနှိပ်ခံရသောဘဝ၊လက်ဝေခံဘဝ တစ်ခုခုသို့ ကျရောက်နေသော နိုင်ငံဖြစ်ပေလိမ့်မည်။လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်ဆိုသည်မှာ နိုင်ငံပိုင်နက်နယ်မြေ သို့မဟုတ် နိုင်ငံနယ်နိမိတ်ရှိခြင်း၊ ယင်းနိုင်ငံ ပိုင်နက်မြေပေါ်၌ရှေးအစဉ်အဆက် ပေါက်ဖွားရှင်သန် ရပ်တည်နေထိုင်ကြသော နိုင်ငံသားပြည်သူများရှိခြင်း၊ ယင်းနိုင်ငံတွင် ယင်းနိုင်ငံသား လူမျိုးများဖြင့် ဖွဲ့စည်းထားသော အစိုးရတစ်ရပ်ရှိခြင်း၊ ယင်းနိုင်ငံတွင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိခြင်း သို့မဟုတ် လွတ်လပ်ရေးရှိခြင်းဟူသည့် အချက်လေးရပ်နှင့် ပြည့်စုံရမည်ဖြစ်သည်။

 

 

ယင်းသို့ ပြည့်စုံမှသာလျှင် အဆိုပါ လူ့အဖွဲ့အစည်းကြီးအတွင်းသို့မဟုတ် နိုင်ငံအတွင်း ပေါက်ဖွားရှင်သန် ရပ်တည်နေထိုင်ကြသောနိုင်ငံသားပြည်သူအားလုံး လုံခြုံဘေးကင်းစွာဖြင့် နေထိုင်နိုင်ကြပြီး မိမိတို့စားဝတ်နေရေး၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် စိတ်ချလက်ချအာမခံချက်များ အပြည့်ရှိသည့် အခြေခံလူ့အခွင့်အရေးများပိုင်ဆိုင်သောလွတ်လပ်သည့်နိုင်ငံဖြစ်ပေလိမ့်မည်။နိုင်ငံတစ်နိုင်ငံတွင် ရှိအပ်သည့် ဥပဓိရုပ်များပျက်ယွင်းပြီး နိုင်ငံပိုင်မြေ သို့မဟုတ် နိုင်ငံနယ်နိမိတ်မရှိလျှင် ခြေဦးတည့်ရာ လှည့်လည်သွားလာနေကြသော အခြေအနေမဲ့လူများ ဖြစ်နေလိမ့်မည်။ နိုင်ငံမြေသို့မဟုတ် နိုင်ငံနယ်နိမိတ် ရှိခဲ့သော်လည်း ရှေးဦးမဆွ ပေါက်ဖွားရှင်သန်အစဉ်အဆက်နေထိုင်ခဲ့ကြသော ပြည်သူများမရှိလျှင် သို့မဟုတ် လျော့နည်းပျောက်ကွယ်သွားလျှင် တိရစ္ဆာန်များ ပေါက်ဖွားရှင်သန်ရာ တောရိုင်းမြေကဲ့သို့ ဖြစ်ပေလိမ့်မည်။

 

 

ယင်းနိုင်ငံမြေ သို့မဟုတ် ယင်းနိုင်ငံနယ်နိမိတ်တွင် နေထိုင်သောလူများရှိပြီး ဥပဒေ၊ စည်းကမ်းတကျ စီမံခန့်ခွဲ ကြီးကြပ်ဆောင်ရွက်ပေးသောအုပ်ချုပ်သူအစိုးရမရှိလျှင် ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်ဗိုလ်ကျ ထင်သလိုပြုကျင့်သည့် မင်းမဲ့တိုင်းပြည် ဖြစ်ပေလိမ့်မည်။ ယင်းနိုင်ငံမြေယင်းနိုင်ငံသားတို့တွင် ယင်းနိုင်ငံလူများစု၏ကောင်းကျိုးကို လွတ်လပ်စွာဆုံးဖြတ်ဖော်ဆောင်ခွင့်မရှိလျှင် သို့တည်းမဟုတ် အချုပ်အခြာအာဏာမပိုင်ဆိုင်လျှင် ထိုနိုင်ငံသည် လွတ်လပ်သောနိုင်ငံ မဟုတ်တော့ဘဲတိုင်းတစ်ပါးသားတို့ သိမ်းပိုက်သောနိုင်ငံ သို့မဟုတ် လွတ်လပ်ရေးဆုံးရှုံးသောနိုင်ငံ ဖြစ်ပေလိမ့်မည်။ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် မဖြစ်မနေရှိအပ်သည့် ဥပဓိရုပ်လေးရပ် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်အပ်သည်။ထိုဥပဓိရုပ် လေးရပ်ပျောက်လျှင် လွတ်လပ်ရေးဆုံးရှုံးပြီး နိုင်ငံလည်းပျက်သုဉ်းသွားမည်။ နိုင်ငံလွတ်လပ်ရေး မဆုံးရှုံးအောင်၊ မပျက်သုဉ်းအောင်တိုင်းရင်းသားပြည်သူများ၏ အသက်သွေးချွေး စတေးပေးဆပ်ကာကြိုးပမ်းရယူကြရသည်။ ရရှိထားသောလွတ်လပ်ရေး မဆုံးရှုံးအောင်၊နိုင်ငံ၏ ဥပဓိရုပ်လေးရပ် မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရသည်။

 

လွတ်လပ်သောနိုင်ငံ၊ နိုင်ငံတကာနှင့်တန်းတူ ဥပဓိရုပ်ရှိသောနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများမှာ ဘဝအာမခံချက်များ ရှိကြသည်။ နိုင်ငံသားတို့၏ ရပိုင်ခွင့်များ ရှိကြသည်။နိုင်ငံသားတို့၏ အခွင့်အရေးများ ရှိကြသည်။ နိုင်ငံသားတို့၏ တာဝန်များရှိကြသည်။ နိုင်ငံသားများကို အလွယ်တကူ စော်ကားနိုင်ခြင်းမပြု ခုခံကာကွယ်ပိုင်ခွင့် ရှိကြသည်။ လွတ်လပ်သော နိုင်ငံသားများဖြစ်ရသည်မှာကျေနပ်စရာ၊ မြတ်နိုးစရာ ဖြစ်သည်။မိမိနိုင်ငံမှ သယံဇာတများ၊ ထွက်ကုန်သီးနှံများဖြင့် ဝဝလင်လင်စားသောက်နေထိုင်ကာ မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာ၊ ပညာတို့ကို လွတ်လပ်စွာဆည်းပူးလျက် ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူနိုင်၊ တန်းနိုင်၊ ပျော်နိုင်ပါးနိုင်ကြသည်။ ထို့ကြောင့် လွတ်လပ်သောနိုင်ငံ၊လွတ်လပ်သောလူမျိုးဘဝကို မဆုံးရှုံးအောင် လက်တွဲညီညာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ တာဝန်ရှိပါသည်။