လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသားတို့ စည်းလုံးမှုဖြင့် စောင့်ရှောက်

 

ယနေ့သည် တောင်ပေါ်မြေပြန့်မကျန် နိုင်ငံတစ်ဝန်းလုံး လွတ်လပ်ရေးရယူနိုင်ရေးအတွက် တစ်စည်းတစ်လုံးတည်းသော ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူကာ  ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့တွင် သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အပြင်  လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့သည့် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေမှာ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး တစ်ခဲနက်စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေချိန်လည်းဖြစ်သည်။

၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံသူနိုင်ငံသားများ၏ တစ်မျိုးတစ်စားတည်းသော နိုင်ငံသား စိတ်ဓာတ်ဖြင့် နိုင်ငံလွတ်လပ်ရေးကို ရယူနိုင်ခဲ့သလို လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုတို့ကိုလည်း စည်းလုံးညီညွတ်စွာ တွန်းလှန်ချေမှုန်းနိုင်ခဲ့ကြခြင်းကြောင့် နိုင်ငံ အဓွန့်ရှည်ခဲ့သည်။ ယခုအခါ မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် လျှောက်လှမ်းနေချိန်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံသားများအနေဖြင့် စည်းလုံး ညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း (တရားဥပဒေ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာခြင်း) တို့ မရှိမဖြစ် လိုအပ်သော်လည်း နုနယ်သည့် ဒီမိုကရေစီသက်တမ်းကာလအတွင်း အထူးသဖြင့် နိုင်ငံရေးနယ်ပယ်တွင် အားနည်းချက်များစွာရှိခဲ့သည်ကို တွေ့ရ သည်။

နိုင်ငံကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည့်အစား ဦးဆောင်နိုင်ငံရေး အင်အားစုတို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများ၊ နိုင်ငံအကျိုးပြည်သူ အကျိုးအတွက် မြော်မြင်နိုင်စွမ်းကင်းမဲ့မှုများသာ ဖြစ်ပေါ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုများအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပေါ်ထွက်လာခဲ့သည့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့ နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင် အကြမ်းဖက်အုပ်စုအမျိုးမျိုးတို့မှာလည်း စစ်အာဏာရှင် တော်လှန်ရေးဟူ၍ ဟန်ဆောင်ကြွေးကြော်ကာ ၎င်းတို့ကိုယ်တိုင် စစ်ဘုရင်ဝါဒ၊ တစ်တောတစ်ကြက်ဖ ဝါဒတို့ဖြင့် ဒေသခံပြည်သူများအပေါ် ဗိုလ်ကျမင်းမူမှုများ ပြုလုပ်လျက်ရှိသည်။

မိမိတို့နိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေများမှာ အန္တရာယ်ကြီးမားသည့် အခြေအနေများပင်ဖြစ်ပြီး နိုင်ငံပြိုကွဲ ပျက်စီးမသွားစေရေးအတွက် နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့က စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်းကြရမည့် အချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးမကျေ လည်မှုများကြောင့် လက်နက်ကိုင်လမ်းကြောင်းသို့ ရောက်ရှိလာသည့် အဖွဲ့အစည်းများအနေဖြင့် အချိန်မရွေး ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် အဖြေရှာကြရန် လိုအပ်သည်။ နိုင်ငံကိုရော ပြည်သူကိုပါ လွန်စွာထိခိုက်နာကျင် ဆုံးရှုံးစေသည့် အကြမ်းပတမ်းနည်းလမ်းများအစား နှလုံးရည် နည်းလမ်းဖြင့် ဖြစ်နိုင်သည်တို့ကိုသာ ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်ကြစေလိုသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရေကိုသား၍ ကြားမထင်သော စည်းလုံးညီညွတ်မှု၊ ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အတိတ်နှင့်ပစ္စုပ္ပန်တို့၌ ကာကွယ်စောင့်ရှောက်ခဲ့ကြသကဲ့သို့ပင် အနာဂတ် ကာလများစွာ ထာဝရတည်တံ့စေရေး ဆက်လက်ကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း